တိုကျိုအိုလံပစ်အားကစားပွဲတော်သည် အကြမ်းဖက်မြန်မာစစ်တပ်ကို ငွေကြေးထောက်ပံ့ နေသည့် ကုမ္ပဏီများ၏စပွန်ဆာကြောင့် ညစ်ထေးအမဲစက်ထင်ခဲ့ရ
JUSTICE FOR MYANMAR
လေးစားရပါသော မိတ်ဆွေများ
တိုကျိုအိုလံပစ် အားကစားပွဲတော်ကို ထောက်ပံ့ပေးရာမှာပါဝင်တဲ့ မြန်မာစစ်တပ်ရဲ့ စီးပွားဖက်ကုမ္မဏီတွေနဲ့ ပတ်သက်တဲ့ထုတ်ပြန်ချက်ကို ပေးပို့လိုက်ပါတယ်။ ဤနေရာနှင့် အောက်ပါလင့်မှတဆင့် ကြည့်ရှုနိုင်ပါသည်။
လေးစားစွာဖြင့်
Justice For Myanmar
တိုကျိုအိုလံပစ်အားကစားပွဲတော်သည် အကြမ်းဖက်မြန်မာစစ်တပ်ကို ငွေကြေးထောက်ပံ့ နေသည့် ကုမ္ပဏီများ၏စပွန်ဆာကြောင့် ညစ်ထေးအမဲစက်ထင်ခဲ့ရ
ဇူလိုင် ၂၂၊ ၂၀၂၁၊ မြန်မာ - တိုကျို ၂၀၂၀ အိုလံပစ်နှင့် မသန်စွမ်း အားကစားပွဲတော်သည် နိုင်ငံတကာစီးပွားရေး လုပ်ငန်းစုကြီးများအတွက် OECD လမ်းညွှန်ချက်များ၊ စီးပွားရေးနှင့် လူ့အခွင့်အရေးအတွက် ကုလသမဂ္ဂ၏ လမ်းညွှန် အခြေခံမူများကို ချိုးဖောက်ပြီး မြန်မာစစ်တပ်နှင့် ဆက်လက်၍ စီးပွားပူးပေါင်း လုပ်ကိုင်လျက်ရှိသည့် ကုမ္ပဏီ အနည်းဆုံး ၃ ခုနှင့် မိတ်ဖက်လုပ်ကိုင်ထားရှိခဲ့သည်။ အားကစားပွဲတော်အား အဓိက ထောက်ပံ့သူများတွင် Mizuho Financial Group နှင့် Sumitomo Mitsui Banking Corporation၊ တို့က “တိုကျို ၂၀၂၀ အိုလံပစ်အားကစားပွဲတော် ရွှေအဆင့်မိတ်ဖက်များ” အဖြစ်ပါဝင်ခဲ့ပြီး Daiwa House Industry က တိုကျို ၂၀၂၀ အိုလံပစ်အားကစားပွဲတော် တရားဝင်မိတ်ဖက်များ” အဖြစ် ပါဝင်ခဲ့ကြသည်။ အဆိုပါ စီးပွားရေးလုပ်ငန်း ၃ ခုလုံးသည် မြန်မာစစ်တပ်အတွက် စစ်လက်နက်ဝယ်ယူပေးရသည့် စစ်ထောက်ချုပ်ရုံးထံမှ ငှားရမ်းထားသည့် ရန်ကုန်မြို့ရှိ မြေနေရာပေါ်တွင် တည်ဆောက်လျက်ရှိသော Y Complex အိမ်ခြံမြေစီမံကိန်း၏ အစိတ်အပိုင်းများ ဖြစ်ကြသည်။
အိုလံပစ်အားကစားပွဲတော်ပဋိဉာဉ်အရ အိုလံပစ်အားကစားပွဲတော်၏ အဓိကအခြေခံမူများတွင် “တစ်ကမ္ဘာလုံး ဆိုင်ရာ ကျင့်ဝတ်အခြေခံမူများကို လေးစားရမည်”၊ အားကစားမှတဆင့် “လူသား ဂုဏ်သိက္ခာကို အလေးထား ထိန်းသိမ်းသည့် ငြိမ်းချမ်းသော လူ့အသိုင်းအဝိုင်းတစ်ရပ် ဖြစ်ထွန်းအောင် မြှင့်တင်လုပ်ဆောင်ရမည်” ဟူ၍ ပါရှိသည်။
Justice For Myanmar ၏ ပြောရေးဆိုခွင့်ရှိသူ မရတနာမောင်က “တိုကျိုစီစဉ်ကျင်းပရေးကော်မတီက ဖေဖော်ဝါရီ ၁ ရက်နေ့ တရားမဝင် အာဏာသိမ်းကြိုးပမ်းမှုနောက်ပိုင်း ပြည်သူ ၉၀၀ ကို သတ်ဖြတ်ရာမှာ ပါဝင်ခဲ့တဲ့ မြန်မာစစ်တပ်ရဲ့ အကြမ်းဖက်စစ်ဆင်ရေးချဲ့ထွင်ရေးမှာ ကြံရာပါဖြစ်ကြတဲ့ ကုမ္ပဏီတွေနဲ့ မိတ်ဖက် လုပ်ကိုင် နေခြင်းကို ကျွန်မတို့ လွန်စွာစိတ်ပျက်ရွံရှာမိပါတယ်။ ရာဇဝတ်ပြစ်မှု ကျူးလွန်ဖို့ရာအတွက် စစ်တပ်ကို တိုက်ရိုက်အခွန်ငွေတွေ ပေးအပ်နေတဲ့ Daiwa House Industry, Mizuho နှင့် SMBC တို့လို ကုမ္ပဏီတွေက အားပေးအားမြောက် ပြုနေတာပါ။ အဲ့ဒီကုမ္ပဏီတွေအနေနဲ့ သူတို့ရဲ့ လူ့အခွင့်အရေးဆိုင်ရာ တာဝန်တွေကို လိုက်နာလုပ်ဆောင်ဖို့ ပျက်ကွက်ခဲ့ပါတယ်။ တိုကျိုအိုလံပစ် အားကစားပွဲတော်က တဆင့် အဲ့ဒီကုမ္ပဏီတွေကို အားပေးမြှင့်တင်ပေးခြင်းက အားကစားပွဲတွေကို ညစ်ထေးအမဲစက်ထင်စေပြီး အိုလံပစ်အားကစားပွဲတော်ရဲ့ အဓိကအခြေခံမူတွေကို ဆန့်ကျင်နေပါတယ်။ မြန်မာစစ်တပ်ရဲ့ ရက်စက်ယုတ်မာမှုတွေအတွက် ငွေကြေးထောက်ပံ့နေတဲ့ ကုမ္ပဏီတွေရဲ့ စပွန်ဆာထောက်ပံ့မှုတွေကို ပြန်လည်ရုပ်သိမ်းငြင်းဆိုပါရန် တိုကျိုစီစဉ်ကျင်းပရေးကော်မတီကို ကျွန်မတို့ တောင်းဆိုပါတယ်” ဟု ပြောကြားသည်။
Y Complex စီမံကိန်းကို မြန်မာစစ်တပ်နှင့် ဘီအိုတီ (တည်ဆောက်-လည်ပတ်-လွှဲပြောင်း) သဘောတူ စာချုပ်အရ Daiwa House Industry နှင့် Tokyo Tatemono တို့က အကောင်အထည်ဖော် တည်ဆောက်လျက်ရှိပြီး Mizuho နှင့် SMBC တို့က ပူးတွဲငွေကြေးထည့်ဝင် ကြသည်။ မြေငှားရမ်းခ နှစ်စဉ်ပေးချေငွေ အမေရိကန်ဒေါ်လာ ၂.၁၆၃ မီလီယံအပြင် ငှါးရမ်းမှုကာလပြီးဆုံးသည့်အခါတွင် ယင်းအဆောက်အအုံပိုင်ဆိုင်မှုများကို စစ်တပ်က ရရှိမည်ဖြစ်ရာ စစ်တပ်၏ စစ်ရာဇဝတ်မှုများနှင့် လူသားမျိုးနွယ် အပေါ်ကျူးလွန်သည့် ရာဇဝတ်မှုများအတွက် အသုံးပြုနိုင်ရန် အခွန်ဘဏ္ဌာရင်းမြစ်တစ်ရပ် အဖြစ် ဆက်လက်ရရှိနေမည် ဖြစ်သည်။ Y Complex စီမံကိန်းတွင် နာမည်ကြီး ငွေကြေးပံ့ပိုးသူ အဖွဲ့ကြီးနှစ်ဖွဲ့ဖြစ်ကြသည့် Japan Bank for International Cooperation (JBIC) နှင့် Japan Overseas Infrastructure Investment Corporation for Transport and Urban Development (JOIN) တို့ ပါဝင်ကြသည်။
၂၀၁၉ ခုနှစ် ဩဂုတ်လတွင် ကုလသမဂ္ဂ၏ မြန်မာနိုင်ငံဆိုင်ရာ လွတ်လပ်သည့်နိုင်ငံတကာအချက်အလက် ရှာဖွေရေးမစ်ရှင်က မြန်မာစစ်တပ်၏ စီးပွားရေးအကျိုးစီးပွားများနှင့် ပတ်သက်၍ အစီရင်ခံတစ်စောင်ကို ထုတ်ပြန်ခဲ့သည်။ ယင်းအစီရင်ခံစာတွင် စီပွားရေးလုပ်ငန်းများအား မြန်မာစစ်တပ်နှင့် ၎င်းတို့ပိုင် သို့မဟုတ် ၎င်းတို့ထိန်းချုပ်ထားသည့် စီးပွားရေးလုပ်ငန်းကြီးများနှင့် စီပွားရေးဆိုင်ရာဆက်ဆံရေးများကို အဆုံးသတ်ရန် အကြံပြုတိုက်တွန်းခဲ့ပြီး အိမ်ခြံမြေဆိုင်ရာငှါးရမ်းမှုသည် စီးပွါးရေးဆိုင်ရာဆက်ဆံရေးပုံစံတစ်ရပ် ဖြစ်ကြောင်း သတ်မှတ်ဖော်ပြခဲ့သည်။ Y Complex စီမံကိန်းတွင် ပါဝင်ကြသည့် အစုအဖွဲ့များသည် အဆိုပါ အကြံပြု တိုက်တွန်းချက်များအား အကောင်အထည်ဖော်ရန် ပျက်ကွက်ခဲ့ကြသည်။
အယ်ဒီတာများသို့မှတ်ချက်
Y Complex နှင့် ပတ်သက်၍ ပူးတွဲသတင်းထုတ်ပြန်ချက်ကို ကြည့်ရှုပါ။ https://www.justiceformyanmar.org/press-releases/japan-stop-real-estate-project-in-myanmar
Y Complex နှင့် ပတ်သက်၍ လူ့အခွင့်အရေးနှင့် နိုင်ငံဖြတ်ကျော်ကော်ပိုရေးရှင်းကြီးများနှင့် အခြားစီးပွား ရေးလုပ်ငန်းကြီးများအရေး ကုလသမဂ္ဂလုပ်ငန်းအဖွဲ့ထံသို့ ပူးတွဲတင်သွင်းလွှာကို ကြည့်ရှုပါ။ https://www.justiceformyanmar.org/press-releases/submission-by-civil-society-organizations-concerning-japanese-business-entities-operating-in-myanmar
Y Complex နှင့် ပတ်သက်၍ Justice For Myanmar ၏ ဝဘ်ဆိုဒ်သတင်းဆောင်းပါးကို ကြည့်ရှု့ပါ။ https://www.justiceformyanmar.org/stories/land-lease-payments-tie-japanese-gov-and-investors-to-myanmars-military
https://www.justiceformyanmar.org/stories/y-complex
Justice For Myanmar သည် မြန်မာပြည်သူများအတွက် တရားမျှတမှုနှင့်တာဝန်ခံမှုရရှိစေရေး အတွက် စည်းရုံးလှုံ့ဆော်နေသည့် အမည်မဖော်လိုသော တက်ကြွလှုပ်ရှားသူ တစ်စုဖြစ်ပြီး ဖက်ဒရယ်ဒီမိုကရေစီနှင့် ရေရှည်တည်တံ့ခိုင်မြဲသော ငြိမ်းချမ်းရေးကို ရှေ့ရှုလျက် စစ်တပ် စီးပွားရေးလုပ်ငန်းများအားလုံး ရပ်ဆိုင်းရန် တောင်းဆိုလျက်ရှိ သည်။