ထူးကုမ္ပဏီများအုပ်စုအား ပစ်မှတ်ထားဒဏ်ခတ်ပိတ်ဆို့ရေး အချက်အလက်များကို Justice For Myanmar ထုတ်ပြန်
JUSTICE FOR MYANMAR
သို့
မိတ်ဆွေများ
Justice For Myanmar က မြန်မာစစ်တပ်နဲ့ စီးပွားရေးဆက်နွယ်ပက်သတ်တဲ့ ထူးအုပ်စုကုမ္ပဏီများနဲ့ သူတို့ရဲ့ လက်အောက်ခံကုမ္ပဏီများ၊ မိတ်ဖက်ကုမ္ပဏီများအပြင် ဒါရိုက်တာများနဲ့ အစုရှယ်ယာရှင်များရဲ့ အချက်အလက်များကို စာရင်းပြုစုထုတ်ပြန်ခဲ့ပြီးဖြစ်ပါတယ်။ ထူးအုပ်စုရဲ့ ဥက္ကဌ တေဇ၊ သူ့မိသားစုဝင်များနဲ့ မြန်မာစစ်တပ်ရဲ့ စီးပွားရေးလုပ်ဖော်ကိုင်ဖက်များအားလုံးကို အဓိကပစ်မှတ်ထား ဒဏ်ခတ်ပိတ်ဆို့အရေးယူပေးဖို့ ကျွန်ုပ်တို့က တောင်းဆိုထားပါတယ်။
ထူးအုပ်စုရဲ့ ဒေါင်းလုပ်ရယူနိုင်တဲ့ အချက်အလက်နဲ့ သက်သေအထောက်အထားများအတွက် ကျွန်ုပ်တို့ရဲ့ သတင်းဆောင်းပါးကိုကြည့်ပါ။ https://www.justiceformyanmar.org/stories/htoo-groups-business-with-the-myanmar-military
ကျွန်ုပ်တို့ရဲ့ သတင်းထုတ်ပြန်ကြေညာချက်ကို ဒီမှာကြည့်ပါ။ https://www.justiceformyanmar.org/press-releases/justice-for-myanmar-releases-data-on-htoo-group-of-companies-for-targeted-sanctions
လေးစားစွာဖြင့်
Justice For Myanmar
ထူးကုမ္ပဏီများအုပ်စုအား ပစ်မှတ်ထားဒဏ်ခတ်ပိတ်ဆို့ရေး အချက်အလက်များကို Justice For Myanmar ထုတ်ပြန်
၂၀၂၁ ခုနှစ်၊ စက်တင်ဘာလ၊ ၂၄ ရက်၊ မြန်မာနိုင်ငံ။ ထူးကုမ္ပဏီများအုပ်စု (HGC) သည် မြန်မာစစ်တပ်နှင့် နက်ရှိုင်းသည့် ဆက်နွှယ်မှုများရှိသော အဓိကခရိုနီစီးပွားရေးလုပ်ငန်းစုကြီးတစ်ရပ် ဖြစ်သည်။ ၂၀၂၁ ခုနှစ် စက်တင်ဘာလ ၂ ရက်နေ့တွင် မြန်မာစစ်တပ်အား စစ်လက်နက်နှင့် ဘဏ္ဍာငွေကြေးအကူအညီများ ပေးအပ်နေသည့် အထောက်အထားများဖြင့် ဗြိတိန်အစိုးရက ထူးအုပ်စုနှင့် ၎င်း၏ဥက္ကဌဖြစ်သူ တေဇတို့အပေါ် ပစ်မှတ်ထား ဒဏ်ခတ်ပိတ်ဆို့အရေးယူမှုများ ချမှတ်ခဲ့သည်။ ထူးအုပ်စုက ၂၀၂၁ ခုနှစ် စက်တင်ဘာလ၊ ၆ ရက်နေ့ ရက်စွဲဖြင့် ထုတ်ပြန်ချက်တစ်စောင် ထုတ်ပြန်ကာ ပြန်လည်တုန့်ပြန်ခဲ့သည်။ အဆိုပါ ထုတ်ပြန်ချက်တွင် ၎င်းတို့အနေဖြင့် ဒဏ်ခတ်ပိတ်ဆို့မှုများ ချမှတ်ခြင်းအပေါ် သဘောမတူကြောင်း၊ ၎င်းတို့အပေါ် ဒဏ်ခတ် ပိတ်ဆို့မှုများ ချမှတ်ခြင်းသည် အရေးယူဆောင်ရွက်နိုင်သည့် အချက်အလက်များနှင့် အသေးစိတ်သတင်း အချက်အလက်များ ရှိမနေခြင်းကြောင့် ရှင်းလင်းချက်များကို တောင်းခံထားကြောင်း အသိပေး ပြောကြားခဲ့သည်။
တေဇနှင့် ထူးအုပ်စုအပေါ် နောက်ထပ် ဒဏ်ခက်ပိတ်ဆို့အရေးယူမှုများ ချမှတ်နိုင်ရေးနှင့် ဒဏ်ခတ်ပိတ်ဆို့ မှုများကို အသက်ဝင်ဆောင်ရွက်ရေးအပေါ် ပံ့ပိုးကူညီရန်အတွက် Justice For Myanmar က တေဇ၏ စီးပွားရေးကွန်ယက်၊ ယင်းစီးပွားရေးကွန်ယက်နှင့် မြန်မာစစ်တပ်နှင့် ၎င်း၏စစ်ကောင်စီတို့အကြား ဆက်နွယ်မှုများဆိုင်ရာ အချက်အလက်များကို ထုတ်ပြန်ခဲ့ပြီး ဖြစ်သည်။ အဆိုပါအချက်အလက်များတွင် လက်နက်ကုန်သွယ်ရေးတွင် တေဇ၏ ပါဝင်ပတ်သက်မှုအတွက် နောက်ထပ်သက်သေအထောက်အထား အဖြစ် လျှို့ဝှက်ပေါက်ကြားခဲ့သည့် မြန်မာ့ လေတပ်နှင့် Yangon Aircraft Engineering Company Limited တို့အကြား စီးပွါးရေးဆိုင်ရာ အစည်းအဝေးမှတ်စု၊ ထို့အပြင် ထူးအုပ်စု၏ ကုမ္ပဏီခွဲနှင့် မိတ်ဖက် စီးပွားရေးလုပ်ငန်း ၆၀ တို့မှ ရှယ်ယာရှင်နှင့် ဒါရိုက်တာ ၁၃၁ ဦးတို့၏ အသေးစိတ်အချက်အလက်များ ပါရှိသည့် စာရင်းအချက်အလက်ဇယားတစ်ခု ပါဝင်သည်။
Justice For Myanmar ၏ ပြောရေးဆိုခွင့်ရှိသူ မရတနာမောင်က “တေဇနဲ့ သူ့ကွန်ယက်က မြန်မာစစ်တပ်နဲ့ ကာလရှည် နီးနီးကပ်ကပ်လက်တွဲခဲ့တဲ့ စီးပွားရေးမိတ်ဖက်တွေဖြစ်ပြီး စစ်တပ်ထဲမှာ စနစ်တကျ အမြစ်တွယ်နေတဲ့ အဂတိလိုက်စားမှုတွေကနေ ခုလိုမတရားချမ်းသာလာကြတာဖြစ်တယ်။ သူတို့က လုပ်ငန်းနေရာငှားရမ်းတာ၊ မြေနေရာငှါးတာ၊ ဖက်စပ်လုပ်ငန်းတွေ၊ စစ်လက်နက်နဲ့ ဆက်စပ် ဝန်ဆောင်မှုတွေ အပါအဝင် စစ်ကောင်စီနဲ့ သူတို့ရဲ့ စီးပွားရေးလုပ်ငန်းကြီးတွေနဲ့ စီးပွားရေးတွေကတဆင့် စစ်တပ်က လက်ရှိကျူးလွန်နေတဲ့ ရက်စက်ကြမ်းကြုတ်တဲ့ ရာဇဝတ်မှုတွေမှာ ကြံရာပါအဖြစ် ပါနေကြတာ ဖြစ်တယ်။ တရားမဝင်စစ်ကောင်စီက ကလေးငယ်တွေအပါအဝင် အရပ်သားပြည်သူ ၁၁၀၀ ကျော်ကို သတ်ဖြတ်တယ်၊ ၈၀၀၀ ကျော်ကို ဖမ်းဆီးညှဉ်းပန်းနှိပ်စက်တယ်၊ လိင်ပိုင်းဆိုင်ရာအကြမ်းဖက်တယ်၊ လူအစုအပြုံလိုက်သတ်ဖြတ်တယ်၊ ပြည်သူ့အိုးအိမ်စည်းစိမ်ကို တိုက်ခိုက်လုယူ ဖျက်ဆီးတာတွေကို ကျူးလွန်တယ်၊ ဆေးဘက်ဆိုင်ရာဝန်ထမ်းတွေကို တိုက်ခိုက်တယ်၊ လူသားခြင်းစာနာထောက်ထားမှု အကူအညီတွေကို တားဆီးပိတ်ပင်နေပြီး မြန်မာ တနိုင်ငံတဝန်း ၎င်းတို့ရဲ့ အကြမ်းဖက်စစ်ဆင်ရေးကို ဆက်လုပ်နေကြတယ်။ လူမျိုးစုဒေသတွေမှာ စစ်ကောင်စီက လေကြောင်းကနေ ရမ်းသမ်းပစ်ခတ်တာ၊ ဗုံးနဲ့ အမြောက်ဆံတွေပစ်တာတွေ၊ မြေပြင်နယ်မြေရှင်းလင်းရေးတွေကြောင့် ပြည်သူ ၂၅၀,၀၀၀ ကျော် ထွက်ပြေးတိမ်းရှောင်ခဲ့ရပါတယ်။ ဒီနိုင်ငံတကာရာဇဝတ်မှုတွေကို ထူးအုပ်စုနဲ့ စီးပွားရေးလုပ်ငန်းစုကြီး တွေက အားပေးပံ့ပိုးပေးခဲ့ကြတယ်။ နိုင်ငံတကာအသိုင်းအဝိုင်းအနေနဲ့ တေဇ၊ သူ့မိသားဝင်များနဲ့ သူတို့ရဲ့ စီးပွားရေးလုပ်ငန်းတွေ၊ ဒါ့အပြင် မြန်မာစစ်တပ်ရဲ့ တခြားသော မိတ်ဖက်စီးပွားရေးလုပ်ငန်းစုကြီးတွေကို နောက်ထပ် ဒဏ်ခတ်ပိတ်ဆို့အရေးယူမှုတွေ ချက်ချင်းဆောင်ရွက်ပေးကြဖို့ ကျွန်မတို့ တောင်းဆိုပါတယ်။ နိုင်ငံတကာ အသိုင်းအဝိုင်းအနေနဲ့ ဖက်ဒရယ်ဒီမိုကရေစီအတွက် မြန်မာပြည်သူတွေရဲ့ ရုန်းကန်တိုက်ပွဲကို ပံ့ပိုးပေးဖို့ မဖြစ်မနေ ဆောင်ရွက်ရပါမယ်၊ စစ်ကောင်စီနဲ့ စစ်ခရိုနီများရဲ့ ရာဇဝတ်မှုလုပ်ရပ်တွေကို ဆက်လက်သည်းခံနိုင်တော့မှာ မဟုတ်ကြောင်း ရှင်းလင်းတဲ့ သတင်းစကားတစ်ရပ်ကို မဖြစ်မနေ ပေးရပါလိမ့်မယ်” ဟု ပြောကြားခဲ့သည်။
အယ်ဒီတာများသို့မှတ်ချက်
Justice For Myanmar ၏ ထူး အုပ်စု နှင့် ၄င်း၏ မြန်မာ စစ်တပ်နှင့် စီးပွါးရေးလုပ်ငန်းများ စာမျက်နှာကို ကြည့်ရှုပါ။ www.justiceformyanmar.org/stories/htoo-groups-business-with-the-myanmar-military
Justice For Myanmar မှ ပြုစုထားသည့် ပစ်မှတ်ထားအရေးယူဒဏ်ခတ်မှုနှင့် ထိုက်တန်သည့် မြန်မာစစ်တပ်ထိန်းချုပ်ထားသော ကုပ္မဏီများ၊ ဒါရိုက်တာများနှင့် လုပ်ဖော်ကိုင်ဖက်လုပ်ငန်းများ စာရင်းကို ဤတွင် ကြည့်ရှုပါ။ www.justiceformyanmar.org/stories/myanmar-military-controlled-businesses-associates-that-require-targeted-sanctions