Shangri-La Asia သည် မြန်မာနိုင်ငံတွင် လူသားမျိုးနွယ်အပေါ် ကျူးလွန်တဲ့ရာဇဝတ်မှုများအား ငွေကြေးထောက်ပံ့ပေးနေသည်။
JUSTICE FOR MYANMAR
သို့-မိတ်ဆွေများအားလုံး
Shangri-La Asia နှင့် အာဏာသိမ်းစစ်အုပ်စုသို့ မည်သို့မည်ပုံဆက်စပ်ပတ်သက်နေကြောင်းကို ဖော်ပြထားသည့်ကျန်ုပ်တို့၏ သတင်းထုတ်ပြန်ကြေငြာစာကိုကြည့်ရှုပါ။ အွန်လိုင်း ဒီနေရာ မှတစ်ဆင့်လည်း ရယူနိုင်ပါတယ်။
လေးစားစွာဖြင့်၊
Justice For Myanmar
Shangri-La Asia သည် မြန်မာနိုင်ငံတွင် လူသားမျိုးနွယ်အပေါ် ကျူးလွန်တဲ့ရာဇဝတ်မှုများအား ငွေကြေးထောက်ပံ့ပေးနေသည်။
တရားမဝင် အာဏာသိမ်းစစ်အုပ်စုထံ ထောက်ပံ့နေသော ရံပုံငွေကို ဖြတ်တောက်ရန် ကုမ္ပဏီအား အရေးပေါ် အရေးယူဆောင်ရွက်မှု လိုအပ်နေသည်။
၂၀၂၁ ခုနှစ် ဧပြီ ၁၆ ရက်၊ မြန်မာနိုင်ငံ- လက်နက်ဝယ်ယူရေးအတွက် တာဝန်ရှိသော စစ်ထောက်ချုပ်ရုံးထံမှ မြေငှားရမ်းမှု အပေါ်တွင် ဆူးလေအထပ်မြင့် စီမံကိန်း (Sule Square) မှတဆင့် Shangri-La Asia ၏ မြန်မာစစ်တပ်နှင့် စီးပွားရေးလုပ်ငန်း ဆက်လုပ်နေခြင်းကို Justice For Myanmar က ရှုတ်ချသည်။ Shangri-La Asia သည် စစ်တပ်နှင့် ဆက်စပ်မှုများ ဖြတ်တောက်ရန် ကုလသမဂ္ဂ အချက်အလက် ရှာဖွေရေး မစ်ရှင်၏ အကြံပြုချက်များကို တုန့်ပြန်ရန် ပျက်ကွက်ခဲ့သည်။ ဖေဖော်ဝါရီ ၁ ရက် တရားမဝင် အာဏာသိမ်းချိန်မှစ၍ စစ်တပ်သည် နိုင်ငံတစ်ဝှမ်းရှိ မြန်မာ ပြည်သူများအပေါ် ရည်ရွယ်ချက်ရှိရှိ အကြမ်းဖက်နှိမ်နှင်း တိုက်ခိုက်မှုများကို ပြုလုပ်လျက် ရှိနေခဲ့သည်။ ယင်းအခြေအနေများအောက်တွင် ကျွန်ုပ်တို့သည် Shangri-La Asia အပေါ် နိုင်ငံတကာက အရေးယူမှုများ ချက်ချင်းပြုလုပ်ရန် တောင်းဆိုသည်။
၂၀၂၁ခုနှစ် ဖေဖော်ဝါရီလတွင် စင်ကာပူ စတော့အိတ်ချိန်း (SGX) က မြန်မာစစ်တပ်ကို မြေငှားခ ပေးသွင်းမှုအတွက် Emerging Towns & Cities Singapore အပေါ် နိုင်ငံတကာ ရာဇဝတ်မှုများအား ငွေကြေးထောက်ပံ့သည့်အတွက် စည်းကမ်းထိန်းသိမ်း အရေးယူမှုကို အစပျိုး လုပ်ဆောင်ခဲ့သည်။ Shangri-La Asia သည် ဟောင်ကောင် စတော့ဈေးကွက်တွင် စာရင်းဝင်ဖြစ်ပြီး မြန်မာနိုင်ငံအတွင်း ၎င်း၏ ရာဇဝတ်ဆိုင်ရာ လုပ်ဆောင်ချက်များအတွက် Shangri-La Asia ကိုလည်း အလားတူ အရေးယူဆောင်ရွက်မှုများ ပြုလုပ်ရန် HKEX ကို ကျွန်ုပ်တို့ တောင်းဆိုသည်။
Justice For Myanmar၏ ပြောရေးဆိုခွင့်ရှိသူ ရတနာမောင်က “မြန်မာပြည်သူတွေအပေါ် ရက်စက်ကြမ်းကြုတ်တဲ့ ရက်စက်မှုတွေ ကျူးလွန်နေတဲ့ မြန်မာစစ်တပ်နဲ့ Shangri-La Asia ရဲ့ ဆက်လုပ်နေတဲ့ စီးပွားရေး လုပ်ငန်းတွေဟာ ကျွန်မတို့ကို အံ့အားသင့် သွားစေပါတယ်။ နိုင်ငံရေး အကျဉ်းသားများ ကူညီစောင့်ရှောက်ရေး အသင်း (AAPP) ရဲ့ အဆိုအရ ဖေဖော်ဝါရီ ၁ ရက် အာဏာသိမ်းတဲ့ အချိန်ကစပြီး မြန်မာစစ်တပ်ဟာ လူပေါင်း ၇၀၀ ကျော်ကို တမင်သက်သက် သတ်ဖြတ်ခဲ့ပြီး လူပေါင်း ၃,၀၀၀ ကျော်ကိုလည်း ဖမ်းဆီး နှိပ်စက်ခဲ့ပါတယ်။ သူတို့ဟာ တိုင်းရင်းသား ဒေသတွေမှာ ပစ်မှတ်သေချာမထားပဲ လေကြောင်းကနေ ရမ်းသမ်း တိုက်ခိုက်မှုတွေလုပ်ခဲ့တဲ့ အတွက် ကလေးတွေ အပါအဝင် အရပ်သားတွေ ထိခိုက်သေကြေကြရတယ်။ စစ်တပ်ဟာ ရက်စက်ကြမ်းကြုတ်တဲ့ ရာဇဝတ်မှုတွေကို သူတို့ရဲ့ စီးပွားရေး အကျိုးစီးပွားတွေကြောင့် လုပ်နိုင်နေတာ ဖြစ်ပြီး Shangri-La Asia ဟာ မြန်မာလူထုကို သတ်ဖြတ်ရာမှာ သုံးတဲ့ လက်နက်တွေ ဝယ်ယူနေတဲ့ စစ်တပ်ရဲ့ အဓိက အဖွဲ့အစည်းဖြစ်တဲ့ စစ်ထောက်ချုပ်ရုံး နဲ့ ဆက်ဆံမှုတွေကို ဆက်လုပ်နေခဲ့တယ်။ ကျွန်မတို့အနေနဲ့ Shangri-La ကို မြန်မာစစ်တပ်နဲ့ ၎င်းတို့ရဲ့ စီးပွားရေး လုပ်ငန်းတွေ အဆုံးသတ်သွားတဲ့ အထိ ပြတ်သားတဲ့ အရေးယူမှုတွေ လုပ်ဖို့ တောင်းဆိုပါတယ်။ စီးပွားရေး လုပ်ငန်းတွေဟာ စစ်တပ်ရဲ့ အကြမ်းဖက်မှုနဲ့ ဖိနှိပ်မှုတွေကနေ လွတ်မြောက်ပြီး ဖက်ဒရယ် ဒီမိုကရေစီ တည်ဆောက်ရေးအတွက် သူတို့ရဲ့ အသက်တွေ ပေးဆပ်နေတဲ့ မြန်မာပြည်သူတွေနဲ့ အတူ ရပ်တည်ရမှာ ဖြစ်ပါတယ်။ ” ဟု ပြောသည်။
နိုင်ငံတကာ အသိုင်းအဝိုင်းများအနေဖြင့် မြန်မာနိုင်ငံတွင် ရာဇဝတ် အပြုအမူများတွက် Shangri-La Asia ၏ ကြံရာပါ လုပ်ဆောင်မှုများအား ရပ်တန့်စေရန် ခိုင်မာပြတ်သားသော အရေးယူမှုများ လုပ်ဆောင်ရပေမည်။ ကျွန်ုပ်တို့ တောင်းဆိုသည်မှာ -
• ဟောင်ကောင် စတော့ အိတ်ချိန်းအနေဖြင့် မြန်မာနိုင်ငံတွင် နိုင်ငံတကာ ရာဇဝတ်မှုများနှင့် ဆက်စပ်နေမှုများအတွက် Shangri-La Asia ကို စည်းကမ်းထိန်းသိမ်းသော အရေးယူမှု ပြုလုပ်ရန်၊
• ကမ္ဘာ့ဘဏ်၊ ကိုကာ ကိုလာ၊ မြန်မာနိုင်ငံဆိုင်ရာ အမေရိကန် ကုန်သည်ကြီးများအသင်း၊ နှင့် ယာရာ တို့အပါအဝင် ဆူးလေ အထပ်မြင့်စီမံကိန်း ငှားရမ်းသူများသည် ငှားရမ်းမှုများအားလုံးကို ရပ်ဆိုင်းရန်နှင့် မြန်မာစစ်တပ်နှင့် ဆက်စပ်မှုများအားလုံးကို ဖြတ်တောက်ရန်။
• Shangri-La Asia ရင်းနှီးမြှုပ်နှံသူများ ရင်းနှီးမြှုပ်နှံမှုများအား ရုပ်သိမ်းရန်။
• စားသုံးသူများက Shangri-La ဟိုတယ်များကို ဆန့်ကျင်သပိတ်မှောက်ရန်။ • နိုင်ငံတကာ အသိုင်းအဝိုင်းသည် မြန်မာစစ်တပ်၊ ၎င်းတို့၏ စီးပွားရေး လုပ်ငန်းများနှင့် Shangri-La Asia အပါအဝင် သိသာထင်ရှားသော စီးပွားရေး လုပ်ဖော်ကိုင်ဖက်များအား ပစ်မှတ်ထား အရေးယူပိတ်ဆို့မှုများ ချမှတ်ရန်။
တို့ဖြစ်သည်။
အယ်ဒီတာများအတွက် မှတ်ချက်။
Justice For Myanmar ၏ Shangri-La Asia အကြောင်း အစီရင်ခံစာကို https://www.justiceformyanmar.org/stories/shangri-la-financing-crimes-against-humanity တွင် ကြည့်နိုင်သည်။
Justice For Myanmar သည် မြန်မာပြည်သူများအတွက် တရားမျှတမှုနှင့် တာဝန်ခံမှု ရရှိစေရန်၊ စစ်တပ်စီးပွားရေးများ အဆုံးသတ်ရန် တောင်းဆိုနေပြီး ဖက်ဒရယ်ဒီမိုကရေစီနှင့် ရေရှည်တည်တံ့ခိုင်မြဲသော ငြိမ်းချမ်းရေးအတွက် စည်းရုံးလှုံ့ဆော်နေသော အမည်မဖော်သော တက်ကြွလှုပ်ရှားသူ အုပ်စုဖြစ်သည်။
အဆုံးသတ်
ထပ်မံသိရှိလိုပါက - ရတနာမောင်
အီးမေးလ် - media@justiceformyanmar.org
ဝဘ်ဆိုဒ် - https://www.justiceformyanmar.org/
ပုံတူဝဘ်ဆိုဒ် - https://justiceformyanmar.github.io/justiceformyanmar.org/
တွစ်တာ - @justicemyanmar