မြန်မာပြည်သူများ၏ဘဝနှင့် အနာဂတ်ကို ဖျက်ဆီးနေသည့် ကုမ္ပဏီများတွင် ဩစတြေးလျ အနာဂတ်ရံပုံငွေ(Future Fund)က ရင်နှီးမြှုပ်နှံနေ
JUSTICE FOR MYANMAR
သို့
မိတ်ဆွေများ
ဩစတြေးလျနိုင်ငံတော်ပိုင်ဓနရံပုံငွေတစ်ရပ်ဖြစ်တဲ့ အနာဂတ်ရံပုံငွေ (Future Fund)က စစ်လက်နက် ရောင်းချတဲ့ စီးပွားရေးအပါအဝင် မြန်မာစစ်တပ်ရဲ့ ရက်စက်ကြမ်းကြုတ်မှုတွေနဲ့ တိုက်ရိုက်ဆက်နွယ် နေတဲ့ ကုမ္ပဏီတွေမှာ ဩစတြေးလျဒေါ်လာသန်းပေါင်း ၁၅၇.၉ ကျော် ရင်းနှီးမြှုပ်နှံထားကြောင်း အနှစ်ချုပ်စာတစ်စောင်ကို Justice For Myanmar က ထုတ်ပြန်ကြေညာခဲ့ပါတယ်။
မြန်မာစစ်တပ်နဲ့ စီးပွားပူးပေါင်းလုပ်ကိုင်နေတဲ့ ကုမ္ပဏီတွေအပြင် မြန်မာနိုင်ငံကို စစ်လက်နက် (သို့မဟုတ်) စစ်ဘက်-အရပ်ဘက် နှစ်ထွေသုံးပစ္စည်းတွေ ရောင်းချနေတဲ့ကုမ္ပဏီတွေဆီမှာ ရင်းနှီးမြှုပ်နှံ ထားတာတွေ ချက်ချင်းရုပ်သိမ်းပေးဖို့ Future Fund နဲ့ အခြားသော ရင်းနှီးမြှုပ်နှံထားတဲ့ အဖွဲ့အစည်းများအားလုံးကို Justice For Myanmar က တောင်းဆိုထားပါတယ်။
အွန်လိုင်းအနှစ်ချုပ်သုံးသပ်ချက်ကို ဒီမှာဖတ်ရှုပါ။ https://www.justiceformyanmar.org/stories/abusing-myanmar-for-australias-future
အင်္ဂလိပ်၊ မြန်မာနှစ်ဘာသာနဲ့ ထုတ်ပြန်ကြေညာချက်ကိုလည်း အွန်လိုင်းမှာရရှိနိုင်ပါတယ်။
လေးစားစွာဖြင့်
Justice For Myanmar
မြန်မာပြည်သူများ၏ဘဝနှင့် အနာဂတ်ကို ဖျက်ဆီးနေသည့် ကုမ္ပဏီများတွင် ဩစတြေးလျ အနာဂတ်ရံပုံငွေ(Future Fund)က ရင်နှီးမြှုပ်နှံနေ
၂၀၂၁ ခုနှစ်၊ နိုဝင်ဘာလ ၂၉ ရက်၊ မြန်မာ - ဩစတြေးလျနိုင်ငံတော်ပိုင်ဓနရံပုံငွေတစ်ရပ်ဖြစ်သည့် အနာဂတ်ရံပုံငွေ (Future Fund) သည် မြန်မာစစ်တပ်နှင့် တိုက်ရိုက်ဆက်နွယ်နေသည့် စတော့အိတ်ချိန်း စာရင်းဝင်ကုမ္ပဏီ ၁၄ ခုတွင် ဩစတြေးလျဒေါ်လာ ၁၅၇.၉ သန်းအထိ တန်ဖိုးရှိသော ရှယ်ယာများ ပိုင်ဆိုင် ထားကြောင်း သတင်းအချက်အလက်လွတ်လပ်ခွင့်အရအဆိုပြုမေးမြန်းချက် (Freedom of Information request) တစ်ရပ်နှင့် Justice For Myanmar ၏ သုတေသနပြုလုပ်မှုများအရ သိရသည်။ အဆိုပါ ကုမ္ပဏီများအနက် ကုမ္ပဏီ ၆ ခုသည် မြန်မာစစ်တပ်နှင့် စစ်လက်နက်ကုန်သွယ်ရေးတွင် ဆက်နွယ်နေပြီး၊ အခြားသော ကုမ္ပဏီများသည် အိမ်ခြံမြေလုပ်ငန်း၊ ခရီးသွားလုပ်ငန်း၊ သယ်ယူပို့ဆောင်ရေးလုပ်ငန်းနှင့် အဖျော်ယမကာလုပ်ငန်းများတွင် ပါဝင်ပတ်သက်နေကာ ရက်စက်ကြမ်းကြုတ်သော ရာဇဝတ်မှုများကို ကျူးလွန်နေသည့် စစ်တပ်အား ငွေကြေးထောက်ပံ့နိုင်ရန် အခွန်ဝင်ငွေနှင့် လက်နက်ပစ္စည်းများနှင့် ပတ်သက်သော ရင်းမြစ်အမျိုးမျိုးကို ပေးအပ်လျက်ရှိသည်။
မြန်မာစစ်တပ်၊ ၎င်း၏ စီးပွားရေးလုပ်ငန်းစုကြီးများနှင့် စီးပွားရေးလုပ်ဆောင်လျက်ရှိသည့် ကုမ္ပဏီများ၊ မြန်မာစစ်တပ်ထံ စစ်လက်နက်နှင့် ဆက်စပ်ပစ္စည်းများ ရောင်းချလျက်ရှိသည့် ကုမ္ပဏီများထံတွင် ထည့်ဝင်ထားသည့် ရင်းနှီးမြှုပ်နှံမှုများအား ချက်ချင်းရုပ်သိမ်းထွက်ခွာရန် Future Fund နှင့် အခြားသော ရင်းနှီးမြှုပ်နှံထားသည့် အဖွဲ့အစည်းအားလုံးအား Justice For Myanmar က တောင်းဆိုလိုက်သည်။ ထို့အပြင် မြန်မာစစ်ကောင်စီ၊ ၎င်းတို့၏ စီးပွားရေးလုပ်ငန်းများနှင့် အထင်ကရ စီးပွားရေးမိတ်ဖက်များအား ပစ်မှတ်ထား ဒဏ်ခတ်ပိတ်ဆို့မှုများ ပြုလုပ်ရန်နှင့် ကမ္ဘာလုံးဆိုင်ရာ လက်နက်ရောင်းချမှုပိတ်ပင်ရေး အတွက် အားပေးထောက်ခံမှုများပေးရန် ဩစတြေးလျနိုင်ငံအစိုးရအား Justice For Myanmar က တောင်းဆိုသည်။
Justice For Myanmar ၏ ပြောရေးဆိုခွင့်ရှိသူ မရတနာမောင်က “ဩစတြေးလျနိုင်ငံရဲ့ Future Fund အနေနဲ့ မြန်မာစစ်တပ်ကို လက်နက်ရောင်းချနေတဲ့ကုမ္ပဏီတွေ၊ စစ်တပ်ရဲ့ အကြမ်းဖက်စစ်ဆင်ရေးတွေ အတွက် ငွေကြေးထောက်ပံ့နေတဲ့ကုမ္ပဏီတွေဆီကနေ အကျိုးအမြတ်ရှာဖွေနေတာကတော့ စိတ်ပျက် ဝမ်းနည်းစရာပါပဲ။ ဖေဖော်ဝါရီ ၁ ရက်နေ့ တရားမဝင်စစ်အာဏာသိမ်းကြိုးပမ်းမှုနောက်ပိုင်း စစ်တပ်က ကလေးသူငယ်တွေအပါအဝင် ပြည်သူ ၁၂၀၀ ကျော်ကို သတ်ဖြတ်ခဲ့တယ်၊ ထောင်ပေါင်းများစွာကို နှိပ်စက် ညှဉ်းပမ်းခဲ့တယ်၊ မုဒိန်းမှုတွေ ကျူးလွန်ခဲ့တယ်၊ ရွာလုံးကျွတ်မီးရှို့တာတွေ လုပ်ခဲ့တယ်၊ အရပ်သားတွေ အပေါ် မဆင်မခြင် လေကြောင်းတိုက်ခိုက်မှုတွေ လုပ်ခဲ့တယ်။ မြန်မာစစ်တပ်အတွက် တိုက်ခိုက်ရေး ဂျက်လေယာဉ်တွေ၊ ဒုံးကျည်တွေ၊ ရေဒါတွေ ထောက်ပံ့ပေးသွင်းနေပြီး၊ စစ်ရာဇဝတ်ကောင်တွေအတွက် သန်းပေါင်းများစွာသော နှစ်စဉ်အခွန်ငွေတွေကို ပေးအပ်နေတဲ့ ဒီလိုကုမ္ပဏီတွေဆီမှာ ဩစတြေးလျရဲ့ “အနာဂတ်” ဆိုတဲ့နာမည်နဲ့ ဩစတြေးလျအခွန်ထမ်းပြည်သူတွေရဲ့ ရံပုံငွေတွေကို ရင်းနှီးမြှုပ်နှံနေတာ ဖြစ်ပါတယ်။ ဩစတြေးလျအနေနဲ့ မြန်မာပြည်သူတွေရဲ့ အသက်တွေနဲ့ မြန်မာ့အနာဂတ်ကို အထိခိုက်ခံပြီး အကျိုးအမြတ် ရရှိနေမှုတွေကို ရပ်တန့်ဖို့ အချိန်တန်ပါပြီ” ဟု ပြောကြားခဲ့သည်။
ရင်းနှီးမြှုပ်နှံသူများတွင် လိုက်နာရမည့် လူ့အခွင့်အရေးဆိုင်ရာတာဝန်တစ်ရပ်ရှိကြောင်းကို ကုလသမဂ္ဂနှင့် OECD ကရေးသားပြဌာန်းထားသည့် တာဝန်ယူမှုရှိသော ရင်နှီးမြှုပ်နှံမှုဆိုင်ရာ နိုင်ငံတကာလမ်းညွှန်ချက် များတွင် ရှင်းလင်းစွာ ပြဌာန်းထားပြီးဖြစ်သည်။ ရင်နှီးမြှုပ်နှံသူများအနေဖြင့် လူ့အခွင့်အရေးအပေါ် လေးစားလိုက်နာရန် အကြိမ်ကြိမ် ပျက်ကွက်နေသည့် ကုမ္ပဏီများထံမှ ရင်းနှီးမြှုပ်နှံမှုများအား ပြန်လည် ရုတ်သိမ်းရန်၊ မြန်မာစစ်တပ် ထိန်းချုပ်ခံကုမ္ပဏီများနှင့် ပူးပေါင်းစီးပွားလုပ်ဆောင်မှုများ ရပ်ဆိုင်းခြင်း၊ ငွေပေးချေမှု ရပ်ဆိုင်းခြင်းများအပါအဝင် တာဝန်ယူမှုရှိစွာ ပြုမှုဆောင်ရွက်ရေးအတွက် ရင်းနှီးမြှုပ်နှံ ထားသော ကုမ္ပဏီများအား တွန်းအားပေးဆောင်ရွက်ရန် မျှော်လင့်ပါသည်။ တာဝန်ယူမှုရှိသော လုပ်ငန်းဆောင်ရွက်မှုအတွက် OECD ၏ လိုက်နာရမည့် ပြဌာန်းချက် လမ်းညွှန်ချက် များအတိုင်း ရင်းနှီးမြှုပ်နှံသူများအနေဖြင့် လိုက်နာခြင်း မရှိလျှင် ၎င်းတို့အနေနှင့် နက်ရှိုင်းသည့် ဆက်နွယ်မှုများနှင့် မြန်မာနိုင်ငံအတွင်းရှိ ရက်စက်ကြမ်းကြုတ်မှုများတွင် တာဝန်ရှိမှုများအတွက် အန္တရာယ်ရှိလာမည် ဖြစ်သည်။ OECD လမ်းညွှန်ချက်များအရ ပိုင်ဆိုင်မှုပစ္စည်းများ စီမံခန့်ခွဲသူသည် အလွဲသုံးစားမှုများတွင် ဆက်နွယ်သည်ဟု ယူဆမည်မဟုတ်ဘဲ၊ ထိုအလွဲသုံးစားမှုများအတွက် ပါဝင်ထောက်ပံ့ခဲ့သည်ဟု ယူဆမည် ဖြစ်ပြီး၊ OECD ၏ မကျေနပ်ချက်တိုင်ကြားရေးယန္တရားအရ ထိုအလွဲသုံစားမှုအကျိုးဆက် တရားဝင် တိုင်တန်းချက်အတွက် တရားရင်ဆိုင်ရမည်ဖြစ်သည်။
ကုလသမဂ္ဂ၏ မြန်မာနိုင်ငံဆိုင်ရာ လွတ်လပ်သည့်နိုင်ငံတကာအချက်အလက်ရှာဖွေရေးမစ်ရှင်၏ ၂၀၁၉ ခုနှစ် အစီရင်ခံစာတွင် မြန်မာစစ်တပ်ပိုင်ဆိုင်ပြီး၊ လုပ်ကိုင်လည်ပတ်နေသည့် ဦးပိုင်ကုမ္ပဏီကြီး နှစ်ခု ရှိကြောင်း၊ ၎င်းတို့မှာ မြန်မာ့စီးပွားရေးဦးပိုင်လိမိတက် (ဦးပိုင်) နှင့် မြန်မာ့စီးပွားရေးကော်ပိုရေးရှင်း (အမ်အီးစီ) တို့ဖြစ်ကြောင်း ဖော်ပြခဲ့သည်။ ထိုစီးပွားရေးအင်ပါယာကြီးက မြန်မာစစ်တပ်အတွက် ၎င်းတို့၏ ရက်စက်ကြမ်းကြုပ်သည့် ရာဇဝတ်မှုများအတွက် ငွေကြေးထောက်ပံ့ရန်နှင့် ၎င်းတို့၏ အုပ်ချုပ်ခွင့်ကို ထိန်းသိမ်းနိုင်ရန် အလွန်များပြားလှသည့် ငွေကြေးရင်းမြစ်များ ထောက်ပံ့ပေးလျက်ရှိသည်။ ကုလသမဂ္ဂအချက်အလက်ရှာဖွေရေးမစ်ရှင်က မြန်မာစစ်တပ်နှင့် ၎င်းတို့၏ စီးပွားရေးလုပ်ငန်းများ၊ စီးပွားရေးဆက်နွယ်မှုများကို ဖြတ်တောက်ရန် ကုမ္ပဏီများနှင့် ရင်းနှီးမြှုပ်နှံသူများအား တောင်းဆိုခဲ့ပြီး၊ မြန်မာနိုင်ငံသို့ လက်နက်လွှဲပြောင်းနေမှုများအားလည်း ရပ်တန့်ရန် တောင်းဆိုခဲ့သည်။
အယ်ဒီတာများသို့မှတ်ချက်
Justice For Myanmar ၏ အနှစ်ချုပ်သုံးသပ်ချက်ဖြစ်သော “ဩစတြေးလျ၏ အနာဂတ်အတွက် မြန်မာအား အလွဲသုံးစားပြုခြင်း” အား ဖတ်ရှုရန်