မြန်မာစစ်ကောင်စီနှင့် ၎င်းတို့၏ ရက်စက်ယုတ်မာမှုများနှင့် ဆက်နွယ်နေသည့် ဘဏ်ကွင်းဆက် အသစ်များ တွေ့ရှိ
JUSTICE FOR MYANMAR
သို့
မိတ်ဆွေများ
Justice For Myanmar နဲ့ BankTrack တို့က မြန်မာစစ်ကောင်စီနဲ့ သူတို့ရဲ့ စီးပွားရေးလုပ်ငန်းကြီးတွေနဲ့ ချိတ်ဆက်နေတဲ့ နိုင်ငံတကာဘဏ်များအကြောင်း ထပ်တိုးလေ့လာထားတဲ့ သုတေသနသစ်တစ်ရပ်ကို ထုတ်ပြန်လိုက်ပါတယ်။ ဘဏ္ဍာငွေနဲ့ ပိုင်ဆိုင်မှုဆိုင်ရာ စီမံခန့်ခွဲရေးမန်နေဂျာနဲ့ ကုမ္ပဏီခွဲတွေက ရင်းနှီးမြှုပ်နှံမှုကိုပါဝင်လုပ်ကိုင်တာ သုတေသနထဲမှာ ပါပါတယ်။ https://www.justiceformyanmar.org/stories/banks-investing-in-the-military-cartel
အကျဉ်းချုပ်နဲ့ သတင်းထုတ်ပြန်ချက်ကို ဒီမှာကြည့်ပေးပါ။
လေးစားစွာဖြင့်
မြန်မာစစ်ကောင်စီနှင့် ၎င်းတို့၏ ရက်စက်ယုတ်မာမှုများနှင့် ဆက်နွယ်နေသည့် ဘဏ်ကွင်းဆက် အသစ်များ တွေ့ရှိ
နိုင်ငံတကာဘဏ် ၁၉ ခု တို့သည် မြန်မာစစ်ကောင်စီနှင့်ဆက်နွယ်မှုများရှိသည့် ကုမ္ပဏီများတွင် အမေရိကန်ဒေါ်လာ သန်းပေါင်း ၆၅,၀၀၀ ကျော် ရှယ်ယာများ အတူတကွ ရင်းနှီမြှုပ်နှံထားကြသည်။
ရက်စွဲ - ၂၀၂၁ ခုနှစ်၊ ဇူလိုင်လ ၂၈ ရက်၊ ဗုဒ္ဓဟူးနေ့ ဘဏ္ဍာငွေနှင့် ပိုင်ဆိုင်မှုဆိုင်ရာ စီမံခန့်ခွဲရေးကုမ္ပဏီခွဲများဖြစ်ကြသော Amundi၊ Nikko Asset Management၊ Natixis နှင့် DWS investments စသည့် ကုမ္ပဏီများကို စူးစမ်းလေ့လာထားသည့် သုတေသနအသစ်အရ မြန်မာစစ်ကောင်စီအား ပံ့ပိုးပေးလျက်ရှိသည့် ကုမ္ပဏီများနှင့် ပတ်သက် နေသော စီးပွားရေးဘဏ်များသည် ယခင်တွေ့ရှိထားသည်ထက် ပိုမိုများပြားကြောင်း ဖော်ထုတ် သိရှိရသည်။ နိုင်ငံတကာဘဏ် ၁၉ ခုတို့သည် မြန်မာနိုင်ငံရှိ စစ်ကောင်စီနှင့် ၎င်းတို့၏ စီးပွားရေး လုပ်ငန်းစုကြီးများနှင့် ဆက်နွယ်မှုရှိသည့် ကုမ္ပဏီ ၁၈ ခုတွင် အမေရိကန်ဒေါ်လာ သန်းပေါင်း ၆၅,၀၀၀ ကျော် တန်ဖိုးပမာဏရှိသည့် အစုရှယ်ယာများကို ပိုင်ဆိုင်ထားကြသည်။ အဆိုပါ ကုမ္ပဏီများသည် မြန်မာစစ်တပ် သို့မဟုတ် ဖေဖော်ဝါရီ ၁ ရက်နေ့ အာဏာသိမ်း ကြိုးပမ်းမှု၏ ရလာဒ်အဖြစ် လက်ရှိတွင် မြန်မာစစ်တပ်က ထိန်းချုပ်ထားသည့် နိုင်ငံပိုင် လုပ်ငန်းကြီးများနှင့် တိုက်ရိုက်သာမက ကာလကြာရှည်စွာတည်ရှိခဲ့သည့် စီးပွားရေးဆိုင်ရာ ဆက်နွယ်မှုများ ရှိကြသည်။
၂၀၂၁ ခုနှစ် မေလတွင် BankTrack နှင့် Justice For Myanmar တို့ ပထမအကြိမ် ထုတ်ဝေထားသည့် မွန်းမံဖြည့်စွက်သုတေသနသစ်တစ်ရပ်အရ ကုမ္ပဏီ ၁၈ ခုတွင် အမေရိကန်ဒေါ်လာ သန်း ၁၀၀၀ အထက် အစုရှယ်ယာများ ပိုင်ဆိုင်ထားသည့် စီးပွားရေးဆိုင်ရာဘဏ် ၁၉ ခုကို တွေ့ရှိခဲ့သည်။ အဆိုပါ ကုမ္ပဏီများတွင် မြန်မာစစ်တပ်သို့ ကာကွယ်ရေးပစ္စည်းများ ထောက်ပံ့နေသော Bharat Electronics Inc ကုမ္ပဏီက မြန်မာစစ်တပ်၏ အနီးကပ်ဆုံး နိုင်ငံတကာ စီးပွားရေးမိတ်ဖက်ဖြစ်ပြီး ရေနံနှင့် သဘာဝဓါတ်ငွေ့ကုမ္ပဏီတစ်ခုဖြစ်သည့် POSCO နှင့် မြန်မာနိုင်ငံတွင် မြန်မာ့ရေနံနှင့် သဘာဝဓါတ်ငွေ့လုပ်ငန်း နှင့် အတူတကွလည်ပတ်နေသည့် Chevron, Shell နှင့် Total ကုမ္ပဏီတို့ အပါအဝင် ရေနံနှင့် သဘာဝဓါတ်ငွေ့ ကုမ္ပဏီ ၈ ခုတို့ ပါဝင်သည်။
စစ်ကောင်စီနှင့် ဆက်နွယ်နေသည့် ကုမ္ပဏီများတွင် ရှယ်ယာပိုင်ဆိုင်မှုအများဆုံး ပိုင်ဆိုင်ထားသည့် ဘဏ်မှာ အမေရိကန်ဒေါ်လာသန်းပေါင်း ၁၂,၀၀၀ ကျော် ရှယ်ယာတန်ဖိုး ပိုင်ဆိုင်ထားသည့် ပြင်သစ်နိုင်ငံ၏ Crédit Agricole ဘဏ် ဖြစ်သည်။ ယင်းရှယ်ယာအများစုကို ပိုင်ဆိုင်မှုဆိုင်ရာ စီမံခန့်ခွဲရေးလုပ်ငန်း Amundi ကုမ္ပဏီ က ထိန်းချုပ်ထားပြီး အဆိုပါကုမ္ပဏီ၏ ၇၀ ရာခိုင်နှုန်းကို Crédit Agricole ဘဏ်က ပိုင်ဆိုင်သည်။ အခြားအများဆုံး ရှယ်ယာရှင်များမှာ ဂျပန်ဘဏ်များ ဖြစ်ကြသည့် Sumitomo Mitsui Trust နှင့် Mitsubishi UFJ Financial ဘဏ်များ၊ အမေရိကန် ဘဏ်များ ဖြစ်ကြသည့် Bank of America နှင့် JPMorgan Chase ဘဏ်များ ဖြစ်ကြသည်။
အဆိုပါဘဏ်အားလုံးအနေဖြင့် ယင်းကုမ္ပဏီများနှင့် စီးပွားပူးပေါင်းလုပ်ကိုင်မှုများနှင့် ၎င်းတို့၏ လုပ်ရပ်များအတွက် တာဝန်ခံရမည် ဖြစ်သည်။ OECD ၏ နိုင်ငံတကာ စီးပွားရေးလုပ်ငန်းကြီးများ အတွက် လမ်းညွှန်ချက်များနှင့် စီးပွားရေးနှင့်လူ့အခွင့်အရေးဆိုင်ရာ ကုလသမဂ္ဂ၏ လမ်းညွှန် အခြေခံမူများ နှစ်ရပ်လုံးတွင် ဘဏ်များအပါအဝင် နိုင်ငံတကာ ရင်းနှီးမြှုပ်နှံသူများအနေဖြင့် ၎င်းတို့ရင်းနှီးမြှုပ်နှံထားသည့် ကုမ္ပဏီများအား လူ့အခွင့်အရေး ချိုးဖောက်မှုများကို ကာကွယ်ရန် သို့မဟုတ် လျော့ချရန် ၎င်းတို့၏ ဩဇာအရှိန်အဝါကို အသုံးပြုရန် တာဝန်ရှိသည်ဟု ရှင်းလင်းစွာ ပြဌာန်းထားသည်။ ရင်းနှီးမြှုပ်နှံသူများ အနေဖြင့် ထို့သို့လိုက်နာလုပ်ဆောင်ရန် အကြိမ်ကြိမ် ပျက်ကွက်နေသည့် ကုမ္ပဏီ များမှ ရင်းနှီးမြှုပ်နှံမှုများကို ပြန်လည်ရုတ်သိမ်းရန် ဖော်ပြထားပါသည်။
စစ်တပ်နှင့် ၎င်းတို့၏ စီးပွားရေးလုပ်ငန်းစုကြီးများနှင့် ကာလရှည်ကြာ တိုက်ရိုက်လက်တွဲ လုပ်ကိုင်လျက် ရှိကြသည့် ကုမ္ပဏီများထံမှ ရင်းနှီးမြှုပ်နှံမှုများကို ချက်ချင်းရုပ်သိမ်းရန်၊ ထို့ပြင် အခြားကုမ္ပဏီများအား စစ်တပ်ထိန်းချုပ်သည့် အဖွဲ့အစည်းများသို့ ငွေပေးချေမှုအားလုံး ချက်ချင်း ရပ်ဆိုင်းရန် နိုင်ငံတကာဘဏ်များနှင့် အခြားရင်းနှီးမြှုပ်နှံသူများကို BankTrack နှင့် Justice For Myanmar တို့က တောင်းဆိုလျက်ရှိသည်။
BankTrack အဖွဲ့၏ လူ့အခွင့်အရေးလှုပ်ရှားတောင်းဆိုသူ Hannah Greep က “အခုတိုးချဲ့ လေ့လာထားတဲ့ သုတေသနအရ နိုင်ငံတကာဘဏ်တွေဟာ ဘဏ္ဍာငွေနဲ့ ပိုင်ဆိုင်မှုဆိုင်ရာ စီမံခန့်ခွဲသူတို့ရဲ့ ကုမ္ပဏီခွဲတွေကတဆင့် အဆိုပါကုမ္ပဏီတွေမှာ ရှယ်ယာတွေပိုင်မှုဟာ အရင်သိရှိ ဖော်ထုတ်ထားတာထက် ပိုများကြတယ်ဆိုတာကို ပြသနေပါတယ်။ OECD လမ်းညွှန်ချက်များနဲ့ ကုလသမဂ္ဂလမ်းညွှန်အခြေခံမူတွေအရတော့ ဘဏ်တွေလိုက်နာရမယ့် တာဝန်နဲ့ ကုမ္ပဏီခွဲတွေ လိုက်နာရမယ့် တာဝန်ဟာ အတူတူပါပဲ။ အဆိုပါစံနှုန်းတွေနဲ့အညီ လိုက်နာလုပ်ဆောင်ဖို့ ပျက်ကွက်မယ်ဆိုရင် ၎င်းတို့ဟာ မြန်မာစစ်တပ်က ကျူးလွန်တဲ့ ရာဇဝတ်မှုတွေမှာ ကြံရာပါ ပါဝင်ပတ်သက် နေကြတာ ဖြစ်ပါတယ်” ဟု ပြောကြားခဲ့သည်။
ကုလသမဂ္ဂ၏ မြန်မာနိုင်ငံဆိုင်ရာလွတ်လပ်သည့် နိုင်ငံတကာအချက်အလက်ရှာဖွေရေးမစ်ရှင်၏ ၂၀၁၉ ခုနှစ် အစီရင်ခံစာအရ စစ်တပ်သည် မြန်မာ့စီးပွားရေးဦးပိုင်လိမိတက်နှင့် မြန်မာ့စီးပွားရေး ကော်ပိုရေးရှင်းဟူသည့် ဦးပိုင်ကုမ္ပဏီကြီး ၂ ခုကို ပိုင်ဆိုင်လည်ပတ်နေကြောင်း ဖော်ပြခဲ့သည်။ အဆိုပါကုမ္ပဏီကြီးများက ထိန်းချုပ်ထားသည့် စီးပွားရေးအင်ပါယာက စစ်တပ်ကို ၎င်းတို့၏ ဥပဒေမဲ့လုပ်ငန်းများအား ထောက်ပံ့နိုင်ရန် ဘဏ္ဍာငွေအရင်းအမြစ်များကို ရရှိအောင် ဆောင်ရွက် ပေးနေသည်။ ကုလသမဂ္ဂအချက်အလက်ရှာဖွေရေးမစ်ရှင်က နိုင်ငံခြားကုမ္ပဏီများကို ယင်းစီးပွား ရေးလုပ်ငန်းများနှင့် ဆက်နွယ်မှုများ ဖြတ်တောက်ရန် တောင်းဆိုခဲ့ပြီး ထိုသို့ ဖြတ်တောက်ခြင်း မရှိပါက စစ်တပ်အတွက် ဘဏ္ဌာငွေအရင်းအမြစ်များ ထည့်ဝင်ကူညီမှုဖြင့် ကြံရာပါ ဖြစ်စေမည့် အန္တရာယ်တွင်ရှိနေကြောင်း ဖော်ပြထားသည်။
မြန်မာနိုင်ငံတွင် စစ်အာဏာသိမ်းကြိုးပမ်းမှုသည် ယခုဆိုလျှင် ၅ လကျော် ကြာမြင့်ခဲ့ပြီဖြစ်သည်။ ထိုကာလအတွင်း မြန်မာ့လုံခြုံရေးတပ်ဖွဲ့များက ပြည်သူ ၉၀၀ ကျော်အား သတ်ဖြတ်ခဲ့ပြီး ပြည်သူ ၅၀၀၀ ကျော်အား ဖမ်းဆီးခဲ့ကြောင်း နိုင်ငံရေးအကျဉ်းသားများကူညီရေးအဖွဲ့ (မြန်မာ) ၏ အချက်အလက်များအရ သိရသည်။ စစ်တပ်သည် စစ်ရာဇဝတ်မှုများနှင့် လူသားမျိုးနွယ်အပေါ် ကျူးလွန်သည့် ရာဇဝတ်မှုများအတွက် “တစုံတရာအရေးယူ အပြစ်ပေးခံရခြင်းမရှိပဲ” ဆက်လက် ကျူးလွန်လျက်ရှိသည်။ စစ်တပ်သည် ဒီမိုကရေစီကို ရိုးသားစွာ ဆက်လက်တောင်းဆိုကြသည့် အပြစ်မဲ့ ပြည်သူများကို သတ်ဖြတ်ခြင်း၊ ဥပဒေမဲ့ ဖမ်းဆီးခြင်း၊ အကြမ်းဖက်ညှင်းပန်းနှိပ်စက်ခြင်း၊ မုဒိမ်းကျင့်ခြင်း၊ လိင်မှုဆိုင်ရာ အကြမ်းဖက်ကျူးလွန်စော်ကားခြင်းများ လုပ်ဆောင်နေခဲ့သည်။ အဆိုပါ ရာဇဝတ်လုပ်ရပ်များအတွက် နိင်ငံတကာရင်းနှီးမြုတ်နှံသူများအနေဖြင့် ချက်ခြင်း အရေးယူ ဆောင်ရွက်ရန် ပျက်ကွက်ခဲ့ပါက အလိုတူ ကြံရာပါ ကျုးလွန်သူများအဖြစ် ကျရောက်ကြမည် ဖြစ်သည်။ နိုင်ငံတကာအသိုင်းအဝန်းအနေဖြင့် စစ်တပ်ပိုင်စီးပွားရေးလုပ်ငန်းများထံသို့ ငွေကြေး စီးဝင်သည့် လမ်းကြောင်းများကို ရပ်တန့်ခြင်း၊ စစ်ရာဇဝတ်ဂိုဏ်းကို ဖျက်သိမ်းနိုင်ရေး ကူညီခြင်းဖြင့် မြန်မာပြည်သူများကို မဖြစ်မနေ ပံ့ပိုးကူညီရပါမည်။
Justice For Myanmar ၏ ပြောရေးဆိုခွင့်ရှိသူ မရတနာမောင်က “နိုင်ငံတကာ ကုမ္ပဏီတွေက တရားမဝင်စစ်ကောင်စီနဲ့ ၎င်းတို့ရဲ့ စီးပွားရေးလုပ်ငန်းစုကြီးတွေနဲ့ အခုလို စီးပွားရေး ဆက်လက် လုပ်ကိုင်နေကြတာဟာ မြန်မာစစ်တပ်ရဲ့ အကြမ်းဖက်စစ်ဆင်ရေးကို အလိုတူကြံရာပါ အားပေး ကူညီနေကြတာ ဖြစ်ပါတယ်။ စစ်တပ်ရဲ့ ရက်စက်ယုတ်မာမှုတွေမှာ ကြံရာပါအဖြစ် ရင်းနှီးမြှုပ်နှံ ထားတဲ့ ကုမ္ပဏီတွေကို ဘဏ်တွေအနေနဲ့ အရေးယူဖို့ တာဝန်ရှိပါတယ်။ အခုလက်ရှိ မြန်မာနိုင်ငံမှာ ကိုဗစ်-၁၉ ကပ်ရောဂါရဲ့ထိုးနှက်တိုက်ခိုက်မှုကို ခံနေရပြီး အဲ့ဒီအပေါ် စစ်တပ်ရဲ့ တုန့်ပြန်မှုကတော့ စစ်လက်နက်တွေ ပိုဝယ်တာ၊ ဆရာဝန်တွေကို ဖမ်းဆီးတာ၊ ဆေးခန်းတွေကို ဝင်စီးပြီး ဆေးဘက် အထောက်အကူပစ္စည်းတွေကို ခိုးယူနေတာပါပဲ။ အခုလိုအချိန်မှာ မြန်မာပြည်သူတွေဟာ ကြေကွဲ ဝမ်းနည်းဖွယ် အသက်ဆုံးရှုံးနေရမှုကို ရပ်တန့်နိုင်အောင် အရေးကူညီယူဆောင်ရွက်ပေးမယ့် ရင်းနှီးမြှုပ်နှံသူတွေကို လိုအပ်နေပါတယ်” ဟု ပြောကြားခဲ့သည်။
ယခု သုတေသနသည် ၂၀၂၁ ခုနှစ် မတ်လတွင် Justice for Myanmar နှင့် OECD Watch တို့က ထုတ်ဝေ ခဲ့သည့် “Investing in the Military Cartel: Two Dutch pension funds invest US$2.3 billion in companies linked to the Myanmar military’s atrocities” “ စစ်ရာဇဝတ်ဂိုဏ်းတွင် ရင်းနှီးမြှုပ်နှံခြင်း - မြန်မာစစ်တပ်၏ အကြမ်းဖက်လုပ်ရပ်များနှင့် ပတ်သက်သည့် ကုမ္ပဏီများတွင် ဒတ်ချ် ပင်စင်ရန်ပုံငွေအစီအစဉ်များက အမေရိကန် ဒေါ်လာ သန်း ၂၃၀၀ ရင်းနှီးမြှုပ်နှံထားခြင်း“ အစီရင်ခံစာ နှင့် ၂၀၂၁ ခုနှစ် မေလတွင် Justice For Myanmar က ထုတ်ဝေခဲ့သည့် အရင်းအမြစ် တစ်ခုဖြစ်သည့် “Public Companies Financially Supporting the Illegitimate Myanmar Junta” “တရားမဝင်စစ်အုပ်စုကို ငွေကြေးပံ့ပိုးနေသည့် အများပိုင်ကုမ္ပဏီများ“ တို့ ထွက်ရှိပြီး နောက်ပိုင်း ဆက်လက်လုပ်ဆောင်ထားခြင်း ဖြစ်သည်။ အဆိုပါသုတေသနသည် ယခင်ထုတ်ဝေခဲ့သည့် ကျွန်ုပ်တို့၏အစီရင်ခံစာ ရှိ အဆိုပါကုမ္ပဏီများတွင် ရင်းနှီးမြှုပ်နှံထားသည့် ဘဏ် ၉ ခု အကြောင်း မီးမောင်းထိုးပြထားသည့် သုတေသနကို လေ့လာဖြည့်စွက်ထားခြင်း” ဖြစ်သည်။
အယ်ဒီတာများအတွက် မှတ်စုများ ကုမ္ပဏီ ၁၈ ခုတွင် ဘဏ်တစ်ခုခြင်း ရှယ်ယာပိုင်ဆိုင်မှုတန်ဖိုး အမေရိကန်ဒေါ်လာ သန်း ၁၀၀၀ ကျော် ပိုင်ဆိုင်ထားကြသည့် ဘဏ် ၁၉ ခုတို့သည် Crédit Agricole, Sumitomo Mitsui Trust, Mitsubishi UFJ Financial, Bank of America, JPMorgan Chase, UBS, Deutsche Bank, Morgan Stanley, BPCE Group, Credit Suisse, Mizuho Financial, Société Générale, Wells Fargo, Goldman Sachs, Royal Bank of Canada, BNP Paribas, Barclays, DZ Bank နှင့် Toronto-Dominion Bank တို့ ဖြစ်ပါသည်။
Justice For Myanmar is a covert group of activists using research, data visualisation and reporting to expose the companies and criminals profiting from brutality, war crimes and mass-scale suffering.
Thank you for supporting our work!
Website Mirror site X (Twitter) Facebook Telegram