မြန်မာ့အရေးနှင့် ပတ်သက်သည့် အာဆီယံအခန်းကဏ္ဍမှာ အကြမ်းဖက်စစ်တပ်နှင့် ခရိုနီများနှင့်အတူပူးပေါင်းလုပ်ကိုင်သည့် ဘရူနိုင်းစီးပွါးရေးလုပ်ငန်းကြောင့် တိုး၍ ဆိုးဝါးစေခဲ့
JUSTICE FOR MYANMAR
သို့
မိတ်ဆွေများ
Justice For Myanmar က အာဆီယံအထူးကိုယ်စားလှယ်ရဲ့ အခန်းကဏ္ဍကို ရွှံ့နဲ့သုတ်လိုက်တဲ့ မြန်မာစစ်ကောင်စီနဲ့ အပေါင်းအပါခရိုနီများနဲ့ ဆက်နွယ်နေတဲ့ ဘရူနိုင်းရဲ့ စီးပွားရေးလုပ်ငန်းအကြောင်း web feature တစ်ပုဒ် ထုတ်ပြန်ခဲ့ပါတယ်။ Justice For Myanmar မှ ကုလသမဂ္ဂကြားဝင်ဆောင်ရွက်ပေးဖို့ တောင်းဆိုပါတယ်။ သတင်းထုတ်ပြန်ချက်ကို အွန်လိုင်းမှာရော ဒီမှာပါ ကြည့်လို့ရပါတယ်။
လေးစားစွာဖြင့်
Justice For Myanmar
မြန်မာ့အရေးနှင့် ပတ်သက်သည့် အာဆီယံအခန်းကဏ္ဍမှာ အကြမ်းဖက်စစ်တပ်နှင့် ခရိုနီများနှင့်အတူပူးပေါင်းလုပ်ကိုင်သည့် ဘရူနိုင်းစီးပွါးရေးလုပ်ငန်းကြောင့် တိုး၍ ဆိုးဝါးစေခဲ့
Justice For Myanmar က ကုလသမဂ္ဂကြားဝင်ဆောင်ရွက်ရေး တောင်းဆို
၁၁၊ ဩဂုတ်၊ ၂၀၂၁ မြန်မာ - ဘရူနိုင်းနိုင်ငံ၏ အစိုးရပိုင်ရေနံကုမ္ပဏီသည် မြန်မာစစ်ကောင်စီက ထိန်းချုပ်ထားသည့် မြန်မာ့ရေနံနှင့်သဘာဝဓါတ်ငွေ့လုပ်ငန်း (MOGE) နှင့် ခရိုနီစီးပွားရေးလုပ်ငန်းစု IGE Group တို့နှင့် စီးပွားရေးလုပ်ကိုင်လျက်ရှိရာ ဘရူနိုင်းနိုင်ငံ ဒုတိယနိုင်ငံခြားရေးဝန်ကြီး Dato Erywan Pehin Yusof ကို မြန်မာနိုင်ငံဆိုင်ရာ အာဆီယံအထူးကိုယ်စားလှယ်အဖြစ် ခန့်အပ်ခြင်းသည် မဖွယ်မရာ လုပ်ရပ်တခုကို ထပ်မံ ဆက်လက်ကျူးလွန်လိုက်ခြင်းပင်ဖြစ်သည်။
ဘရူနိုင်းအစိုးရ ရာခိုင်နှုန်းပြည့်ပိုင်သည့် ကုမ္ပဏီတစ်ခုဖြစ်သော BRUNEI Energy Myanmar သည် ၂၀၁၄ ခုနှစ် မြန်မာစစ်တပ်ကိုယ်စားပြု ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီ (USDP) ဦးဆောင်သည့် အစိုးရကာလအတွင်း လုပ်ပိုင်ခွင့်ချထားပေးခဲ့သည့် ရေနံနှင့်သဘာဝဓါတ်ငွေ့တူးဖော်ရေးလုပ်ကွက် ၃ ခု တွင် ရှယ်ယာများ ပိုင်ဆိုင်ထားသည်။ BRUNEI Energy ၏ မြန်မာပြည်တွင်း စီးပွားမိတ်ဖက်သည် ကြံ့ဖွံ့ပါတီ၏ အတွင်းရေးမှူး -၁ နှင့် ဝန်ကြီးဟောင်းဖြစ်သူ အောင်သောင်း၏ သားဖြစ်သူ ပိုင်ဆိုင်သည့် IGE Group ဖြစ်သည်။ အဆိုပါရေနံနှင့်သဘာဝဓါတ်ငွေ့လုပ်ကွက် ၃ ခုမှာ ထန်းတပင်ရှိ I0R-5 လုပ်ကွက်၊ ရွှေပြည်သာရှိ IOR-7 လုပ်ကွက်နှင့် မကွေးတိုင်းဒေသကြီးအတွင်း ကျောက်ကြီး-မင်းတုန်းရှိ EP-1 လုပ်ကွက်တို့ ဖြစ်သည်။
Justice For Myanmar ၏ ပြောရေးဆိုခွင့်ရှိသူ မရတနာမောင်က “တရားမဝင်စစ်ကောင်စီနဲ့ ၎င်းတို့ရဲ့ နာမည်ဆိုးနဲ့ကျော်ကြားတဲ့ ခရိုနီတွေနဲ့ စီးပွားရေးလုပ်ငန်းပူးပေါင်းလုပ်ကိုင်နေတဲ့ ဘရူနိုင်းက သူတို့ဒုတိယ နိုင်ငံခြားရေးဝန်ကြီးကို အာဆီယံ အထူးကိုယ်စားလှယ်ခန့်အပ်လိုက်တာဟာ လှောင်ပြောင်စရာ တစ်ရပ် ဖြစ်နေပါတယ်။ စစ်ကောင်စီနဲ့ ၎င်းတို့ရဲ့ ခရိုနီတွေနဲ့ စီးပွားရေး အကျိုးစီးပွါးအတွက် ကိုယ်စားပြုနေတဲ့ Dato Erywan Pehin Yusof ကို ကြားနေစေ့စပ်ညှိနှိုင်းသူအဖြစ် စဉ်းစားဖို့မဖြစ်နိုင်ပါဘူး။ ဒီစိုးရိမ်ပူပန်မှု တွေမှာ Erywan Yusof ကို ခန့်အပ်ခြင်းနဲ့ ပတ်သက်ပြီး အရပ်ဘက်အဖွဲ့အစည်းတွေ ထောက်ပြဝေဖန် ခဲ့သလို ပွင့်လင်းမြင်သာမှုကင်းမဲ့ခြင်း၊ မြန်မာနိုင်ငံအတွက် အရေးပါတဲ့သူတွေဖြစ်ကြတဲ့ အမျိုးသား ညီညွတ်ရေးအစိုးရ၊ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့များနဲ့ တိုင်ပင်ဆွေနွေးဖို့ ပျက်ကွက်ခြင်းတွေ အပါအဝင် အရေးကြီးတဲ့ ပြဿနာများကို ထပ်ပေါင်းပေးလိုက်တာပါပဲ။ စစ်တပ်ရဲ့ အာဏာသိမ်း ကြိုးပမ်းမှုနဲ့ အကြမ်းဖက်စစ်ဆင်ရေးတွေကြောင့်ဖြစ်ပွားနေတဲ့ လူသားချင်းစာနာထောက်ထားမှုနဲ့ လူ့အခွင့်အရေး အကျပ်အတည်းတွေကို အရေးပေါ်ကြားဝင်ဖြေရှင်းပေးဖို့ ကုလသမဂ္ဂကို ကျွန်မတို့ တောင်းဆိုလိုက်ပါတယ်။ အာစီယံအပေါ်သာ မှီခိုနေမယ်ဆိုရင် မြန်မာပြည်သူတွေအတွက် အဖြစ်ဆိုး တွေသာ ပိုမို ဖြစ်ပေါ်စေပါလိမ့်မယ်” ဟု ပြောကြားခဲ့သည်။
အယ်ဒီတာများသို့မှတ်ချက်
မြန်မာနိုင်ငံရှိ ဘရူးနိုင်းစီးပွားရေးလုပ်ငန်းအပေါ် Justice For Myanmar ၏ ဝဘ်ဆိုဒ်သတင်းဆောင်းပါးကို ယခုနေရာတွင် ကြည့်ရှုပါ။ https://www.justiceformyanmar.org/stories/bruneis-conflict-of-interest-muddies-role-of-asean-special-envoy
Justice For Myanmar သည် မြန်မာပြည်သူများအတွက် တရားမျှတမှုနှင့်တာဝန်ခံမှုရရှိစေရေး အတွက် စည်းရုံးလှုံ့ဆော်နေသည့် အမည်မဖော်လိုသော တက်ကြွလှုပ်ရှားသူ တစ်စုဖြစ်ပြီး ဖက်ဒရယ်ဒီမိုကရေစီနှင့် ရေရှည်တည်တံ့ခိုင်မြဲသော ငြိမ်းချမ်းရေးကို ရှေ့ရှုလျက် စစ်တပ် စီးပွားရေးလုပ်ငန်းများအားလုံး ရပ်ဆိုင်းရန် တောင်းဆိုလျက်ရှိ သည်။