ဂျာမန် ထရပ်ကား ကော်ပိုရေးရှင်း MAN သည် မြန်မာနိုင်ငံ ရက်စက်ကြမ်းကြုတ်မှုများမှ အကျိုးအမြတ်ရနေသည်။
JUSTICE FOR MYANMAR
သို့-မိတ်ဆွေများအားလုံး
ဂျာမန်ထရပ်ကားထုတ်လုပ်သူ MAN နှင့်မြန်မာစစ်တပ်မည်သို့မည်ပုံဆက်စပ်ပတ်သက်နေကြောင်းကို ဖော်ပြထားသည့်ကျန်ုပ်တို့၏သတင်းထုတ်ပြန်ကြေငြာစာကိုကြည့်ရှုပါ။ အွန်လိုင်းဒီနေရာမှတစ်ဆင့်ရနိုင် ပါတယ်။
လေးစားစွာဖြင့်၊
Justice For Myanmar
ဂျာမန် ထရပ်ကား ကော်ပိုရေးရှင်း MAN သည် မြန်မာနိုင်ငံ ရက်စက်ကြမ်းကြုတ်မှုများမှ အကျိုးအမြတ်ရနေသည်။
Sinotruk တွင် ရင်းနှီးမြှုပ်နှံမှုနှင့် ပတ်သက်နေသော ရက်စက်ကြမ်းကြုတ်သည့် ရာဇဝတ်မှုများအတွက် ဂျာမဏီနိုင်ငံမှ MAN ကို တာဝန်ခံစေရန် နှင့် အီးယူ၏ ပိတ်ဆို့အရေးယူမှုများကို အရှိန်မြှင့်တင်ပြီး ကမ္ဘာတစ်ဝှမ်း လက်နက်ပိတ်ဆို့မှုကို ထောက်ခံရန် Justice For Myanmar က တောင်းဆိုလိုက်သည်။
၂၀၂၁ ခုနှစ် မတ်လ ၂၉ ရက်။ မြန်မာနိုင်ငံ။ Justice For Myanmar က ဗော့စ်ဝပ်ဂင်က အများစု ပိုင်ဆိုင်သော ဂျာမန် ထရပ်ကား ထုတ်လုပ်သူ MANနှင့် မြန်မာစစ်တပ်သို့ ကားရောင်းချမှုများအကြား ထင်ရှားသည့် ဆက်စပ်မှုများ၏ အထောက်အထားများကို ဖော်ထုတ်လိုက်သည်။ MAN သည် Sinotruk ၏ ဟောင်ကောင် စာရင်းပေါက် လုပ်ငန်းခွဲ၏ ၂၅ % ကို ပိုင်ဆိုင်ပြီး MAN အုပ်ချုပ်ရေး အဖွဲ့များက Sinotruk Hong Kong ၏ ဘုတ်အဖွဲ့ လေးနေရာကို ချုပ်ကိုင်ထားသည်။ Sinotruk သည် MAN နည်းပညာများကိုလည်း ရရှိလက်လှမ်းမှီနေပြီး ကုမ္ပဏီ နှစ်ခုတွင် ဖက်စပ် တံဆိပ်ရှိသည်။ မြန်မာ စစ်တပ်တွင် Sinotruk ယာဉ် အများအပြား ရှိနေပြီး ၎င်းတို့၏ သယ်ယူပို့ဆောင်ရေးအတွက် အဓိက ကျသော အခန်းကဏ္ဍမှ ပါဝင်နေပုံရသည်။ ရက်စက်ပြီး တရားဝင်မှု မရှိသော ၂၀၂၁ ခုနှစ် ဖေဖော်ဝါရီ ၁ ရက် အာဏာသိမ်းမှုမှ စ၍ Sinotruk ယာဉ်များကို ငြိမ်းချမ်းစွာ ဆန္ဒပြသူများကို တိုက်ခိုက်ရာတွင်လည်းကောင်း၊ လူထုကို ခြိမ်းခြောက်ရာတွင်နှင့် မတရား ဖမ်းဆီးခံရသူများကို သယ်ယူပို့ဆောင်ရာများတွင်လည်းကောင်း အသုံးပြုလျက် ရှိနေသည်။
Justice For Myanmar မှ ပြောရေးဆိုခွင့်ရှိသူ ရတနာမောင်က “ဂျာမဏီရဲ့ လူသိအများဆုံး ကော်ပိုရေးရှင်းကြီး တစ်ခုက မြန်မာ စစ်တပ်ရဲ့ Sinotruk ယာဉ်တွေ အကူအညီနဲ့ ကျူးလွန်တဲ့ ရက်စက်ကြမ်းကြုတ်မှုတွေကနေ အကျိုးအမြတ် ရနေတယ်ဆိုတာဟာ ထိပ်လန့်တုန်လှုပ်စရာဖြစ်ပါတယ်။ ဂျာမန် အစိုးရ၊ MAN နှင့် သူတို့ရဲ့ ရှယ်ယာရှင် ဗော့စ်ဝပ်ဂင် တို့မှာ သူတို့ စီးပွားရေး လုပ်ငန်းတွေနဲ့ ပတ်သက်ဆက်နွယ်နေတဲ့ လူ့အခွင့်အရေး ချိုးဖောက်မှုတွေကို တားဆီးကာကွယ်ဖို့ ရှင်းလင်းစွာ တာဝန်ရှိပြီး သူတို့ရဲ့ တွဲဖက် စီးပွားရေး လုပ်ငန်းဖြစ်တဲ့ Sinotruk ကို မြန်မာစစ်တပ်နဲ့ ဆက်နွယ်မှုတွေအားလုံး ဖြတ်တောက်ဖို့ အာမခံမှု ပေးနိုင်တဲ့ ခြေလှမ်းတွေကို ချက်ချင်း လုပ်ဆောင်ဖို့ ကျွန်မတို့က အခု တိုက်တွန်းနေပါတယ်။ ကျွန်မတို့က ဂျာမဏီကို အပြုသဘောဆောင်တဲ့ အခန်းကဏ္ဍမှာ ရပ်တည်ပြီး မြန်မာနိုင်ငံအပေါ် အီးယူရဲ့ အရေးယူ ပိတ်ဆို့မှုတွေ အရှိန်အဟုန်မြှင့်ဖို့ တောင်းဆိုပါတယ်။ မြန်မာစစ်တပ်၊ သူတို့ရဲ့ စီးပွားရေး လုပ်ငန်းတွေနဲ့ လုပ်ဖော်ကိုင်ဖက်တွေ အပေါ် ပစ်မှတ်ထား အရေးယူ ပိတ်ဆို့မှုတွေ အမြန်ဆုံး ချမှတ်ပြီး ကမ္ဘာတစ်ဝှမ်း လက်နက်ပိတ်ဆို့မှုကို ထောက်ခံပါ။” ဟု ပြောသည်။
မြန်မာစစ်တပ်သည် Sinotruk လိုင်စင်အောက်တွင် တံဆိပ်တစ်ခု ဖြစ်ပုံရသည့် အကြမ်းခံသော လုပ်ငန်းသုံး MILTRUK ယာဉ်များကိုလည်း ရရှိခဲ့သည်။ မြန်မာနိုင်ငံတွင် အာဏာသိမ်းသည်မှ စ၍ စစ်အုပ်စု တပ်ဖွဲ့များက အနည်းဆုံး လူပေါင်း ၁၄၄ ဦးကို သတ်ဖြတ်ခဲ့ပြီး သွေးထွက်သံယိုမှု အများဆုံး ဖြစ်ခဲ့သော ၂၀၂၁ ခုနှစ် မတ်လ ၂၇ ရက်နေ့တွင် စစ်အုပ်စုက စစ်ရေးပြ အခန်းအနားအတွင်းတွင် ဒုံးကျည်များ တင်ဆောင်ထားသည့် MILTRUK ယာဥ် အများအပြားကို ပြသထားခဲ့သည်။ Sinotruk စစ်သုံး ယာဉ်များကို မြန်မာနိုင်ငံတွင် တပ်ဆင်သည်ဆိုသည့် သတင်းများကို Justice For Myanmar အတည်မပြုနိုင်ခဲ့ခြင်း မရှိသေးပါ။
ဂျာမန် သတင်းစာ Süddeutsche Zeitung ၏ မေးခွန်းများကို ဖြေကြားရာတွင် MAN ပြောရေးဆိုခွင့်ရှိသူ တစ်ဦးက ၎င်းတို့အနေဖြင့် Sinotruk ၏ မြန်မာနိုင်ငံရှိ လုပ်ငန်းများအကြောင်း မသိရှိသေးကြောင်းနှင့် Sinotruk ကို အသေးစိတ်မေးမြန်းထားကြောင်း ဖြေကြားထားသည်။
ရတနာမောင်က “MAN က Sinotruk ဟောင်ကောင်ရဲ့ ဘုတ်အဖွဲ့ လေးနေရာကို ရယူထားတဲ့အတွက် လုပ်ငန်းမှာ အဓိက ကျကျ ပြောကြားနိုင်တယ်။ MAN က သူတို့ စီမံခန့်ခွဲမှုအောက်မှာ တစ်စိတ်တစ်ပိုင်းရှိတဲ့ ကုမ္ပဏီရဲ့ လုပ်ငန်းတွေကို သိရှိမထားဘူးဆိုတာ ကျွန်မတို့အတွက်တော့ အံ့အား သင့်ရပါတယ်။ မြန်မာ စစ်တပ်ရဲ့ ရက်စက်ကြမ်းကြုတ်မှုတွေဟာ မှတ်တမ်းမှတ်ရာ အသေအချာ ရှိထားပြီးတာမို့ ပြင်းပြင်းထန်ထန် အချက်ပေးဖို့ (အလံနီထောင်ဖို့) လိုနေပါပြီ။ MAN အနေနဲ့ အခုအခါမှာ မြန်မာစစ်တပ်နဲ့ လုပ်ကိုင်နေတဲ့ Sinotruk လုပ်ငန်းတွေအားလုံးကို ချက်ချင်း ရပ်ဖို့ နဲ့ မည်သည့် MAN နည်းပညာ ကမှ မြန်မာစစ်တပ်ကို အကျိုးအမြတ်ရစေတာမျိုး မရှိစေဖို့ အာမခံချက်ပေးနိုင်ဖို့ကို ဖြန့်ချီရေး လမ်းကြောင်း စုံစမ်းစစ်ဆေးရေး လုပ်ဆောင်ဖို့ ကျွန်မတို့ တောင်းဆိုပါတယ်။” ဟု ဆက်ပြောသည်။
အယ်ဒီတာများအတွက် မှတ်ချက်။
Justice For Myanmar ၏ Sinotruk အပေါ် ဆောင်းပါးကို ဤနေရာတွင် ကြည့်ပါ။ https://www.justiceformyanmar.org/stories/german-linked-trucks-feature-in-brutal-myanmar-crackdown
Süddeutsche Zeitung ၏ စုံစမ်းစစ်ဆေးမှုကို ဤနေရာတွင် ကြည့်ပါ။ https://projekte.sueddeutsche.de/artikel/wirtschaft/myanmar-was-man-mit-den-trucks-des-militaers-zu-tun-hat-e980887/
Justice For Myanmar သည် မြန်မာပြည်သူများအတွက် တရားမျှတမှုနှင့် တာဝန်ခံမှု ရရှိစေရန်၊ စစ်တပ်စီးပွားရေးများ အဆုံးသတ်ရန် တောင်းဆိုနေပြီး ဖက်ဒရယ်ဒီမိုကရေစီနှင့် ရေရှည်တည်တံ့ခိုင်မြဲသော ငြိမ်းချမ်းရေးအတွက် စည်းရုံးလှုံ့ဆော်နေသော အမည်မဖော်သော တက်ကြွလှုပ်ရှားသူ အုပ်စုဖြစ်သည်။
ဆုံး
ထပ်မံသိရှိလိုပါက -
ရတနာမောင်
အီးမေးလ် - media@justiceformyanmar.org
ဝဘ်ဆိုဒ် - https://www.justiceformyanmar.org/
ပုံတူဝဘ်ဆိုဒ် - https://justiceformyanmar.github.io/justiceformyanmar.org/
တွစ်တာ - @justicemyanmar