ဗြိတိန် ငွေကြေးပံ့ပိုးပေးထားသည့် Myantrade လမ်းညွှန်ဝဘ်ဆိုဒ်မှ မြန်မာစစ်တပ်ပိုင်ကုမ္ပဏီများကို ဖယ်ရှား
JUSTICE FOR MYANMAR
Dear all,
Please see press release below on the removal of military companies from the Myantrade website. English and Burmese PDFs are available on the JFM website here and mirror site here.
Regards,
Justice For Myanmar
ဗြိတိန် ငွေကြေးပံ့ပိုးပေးထားသည့် Myantrade လမ်းညွှန်ဝဘ်ဆိုဒ်မှ မြန်မာစစ်တပ်ပိုင်ကုမ္ပဏီများကို ဖယ်ရှား
Justice For Myanmar က မြန်ဆန်သောအရေးယူဆောင်ရွက်ချက်အတွက် ချီးကျူး၊ ပစ်မှတ်ထားအရေးယူပိတ်ဆို့မှုများလုပ်ဆောင်ရန်အတွက် ထပ်လောင်းတောင်းဆို
၁၉၊ နိုဝင်ဘာ၊ ၂၀၂၀ ၊ ရန်ကုန် - ဗြိတိန်နိုင်ငံ၏ ငွေကြေးပံ့ပိုးမှုဖြင့် ဆောင်ရွက်သည့် မြန်မာအစိုးရ ကုန်သွယ်ရေး မြှင့်တင်မှုဆိုင်ရာဝဘ်ဆိုဒ် Myantrade မှ မြန်မာစစ်တပ်ပိုင် စီးပွားရေးလုပ်ငန်းများအား စာရင်းမှ ပယ်ဖျက်ခဲ့ပြီး ဖြစ်ပါသည်။ အဆိုပါလမ်းညွှန်ဝဘ်ဆိုဒ်တွင် မူလကပါရှိခဲ့ပြီး ပယ်ဖျက်ခြင်းခံခဲ့ရသည့် ကုမ္ပဏီများတွင် မြဝတီ ကုန်သွယ်ရေးလိမိတက်၊ ငွေပင်လယ်မွေးမြူရေးနှင့် ရေလုပ်ငန်းကုမ္ပဏီလိမိတက်နှင့် အဓိပတိလယ်ယာထွက်ကုန်ပစ္စည်းရောင်းဝယ်ရေးလိမိတက်၊ မြန်မာစစ်တပ်၏ စီးပွားရေးလုပ်ငန်းစု မြန်မာ့စီးပွားရေး ဦးပိုင်လိမိတက် (ဦးပိုင်) ၏ ကုမ္ပဏီခွဲများအားလုံး ပါဝင်ပါသည်။
Myantrade တွင် စစ်တပ်ပိုင်ကုမ္ပဏီများ ပါဝင်နေမှုအား အသိပေးလိုက်သည်နှင့် တပြိုင်နက် British Foreign, Commonwealth and Development Office (FCDO) မှ အဆိုပါဝဘ်ဆိုဒ်တွင် ပါဝင်နေသည့် စစ်တပ်ကုမ္ပဏီများဖယ်ရှားနိုင်ရေးကို ချက်ချင်းဆောင်ရွက်ခဲ့ပါသည်။
FCDO က Justice For Myanmar သို့ အောက်ပါသဘောထားမှတ်ချက်ကို ပေးခဲ့ပါသည်။
“၂၀၁၀ ကတည်းက မြန်မာနိုင်ငံစီးပွားရေးဖွံ့ဖြိုးတိုးတက်လာမှုဟာ ပြည်သူ ၁၁ သန်းကို ဆင်ရဲတွင်းက လွတ်မြောက်စေခဲ့ပြီးဖြစ်ပါတယ်။ ကျွနုပ်တို့အနေနဲ့ မြန်မာ့စီးပွားရေးနယ်ပယ်မှာ ဧရာမအကျိုးစီးပွားရှိနေတဲ့ စစ်တပ်ရဲ့အခန်းကဏ္ဍနဲ့ပတ်သတ်ပြီး စိုးရိမ်မှုများရှိနေဆဲဖြစ်ပါတယ်။ ဗြိတိန်နိုင်ငံအနေနဲ့ မြန်မာ့စီးပွားရေးကို နိုင်ငံတကာစံနှုန်းများနဲ့အလေ့အကျင့်များသို့ လမ်းဖွင့်စေရေး၊ အလုပ်အကိုင်ဖန်တီးရေးနဲ့ ဆင်းရဲနွမ်းပါးမှု လျော့ချရေးတို့ကို ဆက်လုပ်ဆောင်ပေးမယ့် အတူပူးပေါင်းပါဝင်ပြီး ရေရှည်တည်တံ့တဲ့ဖွံ့ဖြိုးမှုနှင့် တာဝန်ယူမှုရှိတဲ့ ရင်းနှီးမြှပ်နှံမှုများ မြန်မာနိုင်ငံမှာရှိလာရေးအတွက် ထောက်ပံ့ကူညီပေးဖို့ ရည်သန်ပါတယ်။ ကျွနုပ်တို့အနေနဲ့ စီးပွားရေးတိုးတက်မှုအတွက် အစိုးရမဟုတ်သောအဖွဲ့အစည်းများ၊ စီးပွားရေးလုပ်ငန်းများ နှင့်နီးနီးကပ်ကပ် လုပ်ကိုင်လျက်ရှိပြီး သက်ဆိုင်ရာပါဝင်ပတ်သက်သူတို့ရဲ့ တရားဝင်စိုးရိမ်မှုတွေအပေါ် ဆက်လက်ပြီး တက်တက်ကြွကြွဖြင့် တုန့်ပြန်ဆောင်ရွက်သွားမှာ ဖြစ်ပါတယ်။ ဗြိတိန်ရဲ့ ငွေကြေးပံ့ပိုးမှုနဲ့ ဆောင်ရွက်ထားတဲ့ ဝဘ်ဆိုဒ်စာမျက်နှာမှာ စစ်တပ်စီးပွားရေးလုပ်ငန်းတွေကို သတိမထားမိဘဲ ထုတ်ပြန်ခဲ့ တာနဲ့ ပတ်သက်ပြီး မြန်မြန်ဆန်ဆန် တုန့်ပြန်ဆောင်ရွက်မှုက ဒီအချက်ကို သက်သေပြခဲ့ပါတယ်။”
ဗြိတိန်နိုင်ငံ၏ အမေရိကန်ဒေါ်လာ ၅ မီလီယံ ငွေကြေးပံ့ပိုးမှုဖြင့် ဆောင်ရွက်သည့် မြန်မာ့ကုန်သွယ်ရေးနှင့် ရင်းနှီးမြှုပ်နှံမှုစီမံကိန်း၏ အစိတ်အပိုင်းအနေဖြင့် Myantrade ဝဘ်ဆိုဒ်အသစ်ကို ၂၀၂၀ ခုနှစ် အောက်တိုဘာလ ၂၁ ရက်နေ့တွင် စတင်မိတ်ဆက်ခဲ့ပါသည်။ အဆိုပါဝဘ်ဆိုဒ်ကို ကုလသမဂ္ဂနှင့် ကမ္ဘာ့ကုန်သွယ်ရေးအဖွဲ့တို့၏ ပူးတွဲအေဂျင်စီတစ်ခုဖြစ်သည့် အပြည်ပြည်ဆိုင်ရာကုန်သွယ်ရေးစင်တာက မြန်မာအစိုးရနှင့် ပူးပေါင်းလျက် အကောင်အထည်ဖော်ဆောင်ပါသည်။
Justice For Myanmar ၏ ပြောရေးဆိုခွင့်ရှိသူ မရတနာမောင်က
“Myantrade မှာ ပါဝင်နေတဲ့ စီးပွားရေး လုပ်ငန်းတွေလို စစ်ရာဇဝတ်ဂိုဏ်းစီးပွားရေးလုပ်ငန်းတွေက လူမျိုးတုန်းသတ်ဖြတ်မှု၊ စစ်ရာဇဝတ်မှုနဲ့ လူသားမျိုးနွယ်တစ်ခုလုံးထိခိုက်စေတဲ့ ရာဇဝတ်ပြစ်မှုတွေကို ကျူးလွန်တဲ့ စစ်တပ်တပ်ရင်းတပ်ဖွဲ့တွေ အပါအဝင် စစ်တပ်တစ်ခုလုံးကိုအခွန်ဘဏ္ဍာတွေ ပေးအပ်နေတာပါ။ ဗြိတိန်အစိုးရရဲ့ အခုလိုလျင်လျင်မြန်မြန် အရေးယူဆောင်ရွက်ချက်ဟာ ဗြိတိန်နိုင်ငံအကူအညီများမှ စစ်တပ်က ငွေကြေးဆိုင်ရာအကျိုးအမြတ် ရရှိနေခြင်းကို ကာကွယ်ပေးပြီး သူတို့ရဲ့တရားဝင်မှုကို ငြင်းဆိုရာ ရောက်ပါတယ်။ အခုလိုမျိုး ခြေလှမ်းငယ်တွေနဲ့ စစ်ရာဇဝတ်ဂိုဏ်းကို ဖျက်သိမ်းပစ်ရပါမယ်။ ဗြိတိန်အစိုးရအနေဖြင့် မှန်ကန်တဲ့ လမ်းကြောင်းပေါ်မှာ နောက်ထပ်ခြေလှမ်းတွေ လုပ်ဆောင်လာဖို့ မျှော်လင့်ပါတယ်” ဟု ပြောကြားသည်။
FCDO ၏ မြန်မာနိုင်ငံအပေါ် အဆိုပါအရေးယူဆောင်ရွက်ချက်များက စစ်တပ်ကုမ္ပဏီများ၏ ကုန်ပစ္စည်းနှင့် ဝန်ဆောင်မှုများအတွက် ငွေကြေးသုံစွဲခြင်းမပြုရန် ဗြိတိန်အကူအညီရယူသူများသို့ ဗြိတိန်အစိုးရက ပြောဆို ပြီးနောက် ပေါ်ထွက်လာခြင်းဖြစ်ပါသည်။ စစ်တပ်ကုမ္ပဏီများထံ ရောက်ရှိနေသည့် အကူအညီပေးရေး ငွေများကို ရပ်တန့်ရေးအတွက် အလားတူ အများပြည်သူဆိုင်ရာကတိကဝတ်မျိုး အခြားသောအစိုးရများက ချမှတ်လုပ်ဆောင်ခြင်း မရှိသေးပါ။ မြန်မာနိုင်ငံဆိုင်ရာဗြိတိန်သံရုံးသည်လည်း စစ်တပ်ကုမ္ပဏီများမှ ကုန်ပစ္စည်းနှင့် ဝန်ဆောင်မှုများကို ရယူသုံးစွဲခြင်းမပြုရေး မူဝါဒတစ်ခု ထားရှိပါသည်။
သို့ရာတွင် ဗြိတိန်အစိုးရအနေဖြင့် ကုလသမဂ္ဂအချက်အလက်ရှာဖွေရေးမစ်ရှင်၏ အကြံပြုချက်များ ဖြစ်သည့် မြန်မာစစ်တပ်ပိုင်ကုမ္ပဏီများနှင့် ကုမ္ပဏီပိုင်ရှင်များအပေါ် ပစ်မှတ်ထားအရေးယူပိတ်ဆို့မှု ဆောင်ရွက်ရန် ယခုအချိန်အထိ ပျက်ကွက်နေစဲ ဖြစ်ပါသည်။ စစ်တပ်ပိုင်ကုမ္ပဏီများနှင့် ကုမ္ပဏီပိုင်ရှင်များ အားပစ်မှတ်ထား အရေးယူပိတ်ဆို့မှုသည် တာဝန်ခံမှုနှင့်စစ်တပ်ကို စီးပွားရေးနယ်ပယ်မှ ဖယ်ရှားရေး အတွက် အရေးပါသည့် ဆောင်ရွက်ချက်ဖြစ်ပါသည်။ မြန်မာနိုင်ငံအတွက် ဖက်ဒရယ်ဒီမိုကရေစီနှင့် ရေရှည်တည်တံ့သည့်ငြိမ်းချမ်းရေး ရရှိရန်အတွက် စစ်တပ်ကို အရပ်ဘက်ဒီမိုကရေစီထိန်းချုပ်မှုအောက်တွင် မဖြစ်မနေ ထားရှိရပါမည်။
မရတနာမောင်က ဆက်လက်၍
“မြန်မာနိုင်ငံမှာ လုပ်ကိုင်နေကြတဲ့ အလှူရှင်တွေ၊ အေဂျင်စီတွေအနေနဲ့ လူ့အခွင့်အရေးဆိုင်ရာ တင်ကြိုအသေးစိတ်စုံစမ်းစစ်ဆေးဖို့နဲ့ မြန်မာစစ်တပ်နဲ့စစ်တပ် အကျိုးစီးပွားတွေ အတွက် အကျိုးအမြတ်ရရှိစေခြင်းမရှိစေရေး တင်းကျပ်တဲ့မူဝါဒတွေ၊ အရေးယူဆောင်ရွက်ချက်တွေ ထားရှိဖို့ အရေးတကြီးလိုအပ်ပါတယ်” ဟု ပြောကြားသည်။
အယ်ဒီတာများသို့မှတ်ချက်
Justice For Myanmar သည် မြန်မာပြည်သူများအတွက် တရားမျှတမှုနှင့်တာဝန်ခံမှုရရှိစေရေး အတွက် စည်းရုံးလှုံ့ဆော်နေသည့် အမည်မဖော်လိုသော တက်ကြွလှုပ်ရှားသူ တစ်စုဖြစ်ပြီး ဖက်ဒရယ်ဒီမိုကရေစီနှင့် ရေရှည်တည်တံ့ခိုင်မြဲသော ငြိမ်းချမ်းရေးကို ရှေ့ရှုလျက် စစ်တပ် စီးပွားရေးလုပ်ငန်းများအားလုံး ရပ်ဆိုင်းရန် တောင်းဆိုလျက်ရှိ သည်။
မြန်မာ့စီးပွားရေးဦးပိုင်လိမိတက် (MEHL) မှ အမြတ်အစွန်းများ မြန်မာစစ်တပ်ကို တစ်လျှောက်လုံး မည်ကဲ့သို့ပံ့ပိုးနေသည်ကို Justice For Myanmar မှမျှဝေထားသော MEHL အချက်အလက်များကို အသုံးပြုရေးထားသည့် Amnesty International ၏ “စစ်တပ်လိမိတက်” အစီရင်ခံစာအား ဤတွင် အသေးစိတ် ဖတ်ရှုပါ။
Burma Campaign UK က ပြုစုထားသည့် မြန်မာစစ်တပ် ထုတ်ကုန်များနှင့် အမှတ်တံဆိပ်များစာရင်းကို ယခုနေရာတွင် ကြည့်ရှုပါ။ https://burmacampaign.org.uk/burma_briefing/the-boycott-list/
အဆိုပါစီမံကိန်းနှင့်ပတ်သက်ပြီး FCDO ၏ စီမံကိန်းဖွံ့ဖြိုးတိုးတက်မှုစောင့်ကြည့်ခြေရာခံမှုကို ယခုနေရာတွင် ကြည့်ရှုပါ။ https://devtracker.fcdo.gov.uk/projects/XM-DAC-45001-B494
ထပ်မံသိရှိလိုပါက - ရတနာမောင် အီးမေးလ် - [email protected] ဝဘ်ဆိုဒ် - https://www.justiceformyanmar.org/ ပုံတူဝဘ်ဆိုဒ် - https://justiceformyanmar.github.io/justiceformyanmar.org/ တွစ်တာ - @justicemyanmar ဖေ့ဘုတ် - https://www.facebook.com/justiceformyanmar.org/